Eleven Media Group

"အသင်းမှာရှိတဲ့ လူတိုင်းက ကျွန်တော့်ကို ဒီမှာ နှစ်တွေအကြာကြီး ရှိနေစေချင်ကြပါတယ်"

Photo: X

မန်ယူအသင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ စံချိန်တင် ဆိုးရွားနေပေမဲ့ အသင်းနည်းပြ အာမိုရင်မ်ကတော့ အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ အသင်းဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ရရှိထားဆဲပါပဲ။ အာမိုရင်မ်အနေနဲ့ အသင်းရဲ့ထောက်ခံမှုကို ရရှိထားပေမဲ့ အသင်းမှာ နှစ်ရှည်ဆက်နေဖို့ဆိုရင် ရလဒ်ကောင်းတွေ ရယူပေးဖို့ လိုတယ်ဆိုတာကို ကောင်းကောင်းသိမှာပါ။ Sky Sports နဲ့ အင်တာဗျူးမှာ အာမိုရင်မ်က မန်ယူအသင်းမှာ သူ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ သူ့ရဲ့ရည်မှန်းချက်နဲ့ အသင်းရဲ့ အနာဂတ်အကြောင်းတွေကို အခုလိုပဲ ပြောပြထားပါတယ်။

- မန်ယူနည်းပြ အာမိုရင်မ် နှင့် တွေ့ဆုံခြင်း

မန်ယူအသင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ စံချိန်တင် ဆိုးရွားနေပေမဲ့ အသင်းနည်းပြ အာမိုရင်မ်ကတော့ အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ အသင်းဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ရရှိထားဆဲပါပဲ။ အာမိုရင်မ်အနေနဲ့ အသင်းရဲ့ထောက်ခံမှုကို ရရှိထားပေမဲ့ အသင်းမှာ နှစ်ရှည်ဆက်နေဖို့ဆိုရင် ရလဒ်ကောင်းတွေ ရယူပေးဖို့ လိုတယ်ဆိုတာကို ကောင်းကောင်းသိမှာပါ။ Sky Sports နဲ့ အင်တာဗျူးမှာ အာမိုရင်မ်က မန်ယူအသင်းမှာ သူ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ သူ့ရဲ့ရည်မှန်းချက်နဲ့ အသင်းရဲ့ အနာဂတ်အကြောင်းတွေကို အခုလိုပဲ ပြောပြထားပါတယ်။

မေး - ရူဘင် မန်ယူနိုက်တက်အသင်းက ပရိသတ် (၁၀၀၀၀၀) ဝင်ဆံ့တဲ့ ကွင်းတည်ဆောက်မယ်လို့ ထုတ်ပြန်ခဲ့တယ်။ အဲဒီကွင်းက ဗြိတိန်မှာ အကြီးဆုံးနဲ့ ဥရောပမှာ ဒုတိယအကြီးဆုံးဘောလုံးကွင်း ဖြစ်လာမှာပါ။ အဲဒီကွင်းသစ်နဲ့ပတ်သက်လို့ ခင်ဗျားရဲ့ အမြင်ကို သိချင်ပါတယ်။
ဖြေ - ကွင်းသစ်ဆိုတာထက် အဲဒါက အသင်းရဲ့အနာဂတ်ပါ။ ဒါက အနာဂတ်မှာ ဖြစ်လာမယ့်အရာပေါ့။ တကယ်ကောင်းတဲ့ ကွင်းပါ။ ကွင်းအတွင်းမှာ ပရိသတ်တွေ ပိုဆံ့လာမယ်။ ဒါပေမဲ့ ကွင်းသစ်က (၅) နှစ်ကြာမယ်ထင်တယ်။ (၆)နှစ်၊ (၇)နှစ်လည်း ဖြစ်သွားနိုင်တာပဲ။ ကျွန်တော် မသိပါဘူး။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ထားရမှာပါ။ လက်ရှိမှာ ကျွန်တော်တို့အနေနဲ့ တိုးတက်ဖို့လိုပြီး ပွဲတွေ အနိုင်ရဖို့လိုပါတယ်။

မေး - အိုမာဘရာဒါကတော့ ကွင်းသစ်ဖွင့်တဲ့ အချိန်မှာ ခင်ဗျားကို အသင်းနည်းပြချုပ်အဖြစ် ရှိနေစေချင်တယ်လို့ ပြောခဲ့တယ်။ အဲဒီအတွက် ဘယ်လိုခံစားရလဲ။
ဖြေ - အရမ်းကောင်းတာပေါ့။ သူတို့ရဲ့အားပေးမှုကို ကျွန်တော် ခံစားရပါတယ်။ ပွဲတွေနိုင်တဲ့အခါ ဖြစ်ဖြစ်၊ ရှုံးတဲ့အခါဖြစ်ဖြစ် သူတို့ ကျွန်တော့်တို့ကို အမြဲတမ်းအားပေးကြတယ်။ အခုလိုမျိုး လူသိရှင်ကြား ထောက်ခံအားပေးခံရတာကတော့ ထူးခြားတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ပွဲတွေကို နိုင်ဖို့လိုပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ကပဲ ရောက်လာရောက်လာ လူတိုင်းကတော့ ဒီအသင်းမှာဆက်နေချင်ကြမှာပဲ။ ကျွန်တော်လည်း ဒီအသင်းမှာ ဆက်နေချင်ပါတယ်။

မေး - ခင်ဗျားက အိုမာဘရာဒါဆီကသာမက ဆာဂျင်ရက်ကလစ်ဖ်ရဲ့ထောက်ခံမှုကိုလည်း ရထားတယ်။ ဒီတော့ ခင်ဗျားရဲ့ ယုံကြည်မှုကို တိုးစေမှာပေါ့။
ဖြေ - ဒါက တချို့လူတွေအတွက်တောာ့ အရမ်းအရေးကြီးပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။ ကျွန်တော်က ယုံကြည်မှုနဲ့ အလုပ်လုပ်တဲ့သူဖြစ်ပြီး ကိုယ့်ကိုယ်ကို ရိုးသားမှုအပြည့် ရှိတဲ့သူပါ။ ကျွန်တော်က အသင်းရဲ့စွမ်းဆောင်မှု နဲ့ ရလဒ်ကို အးပေးထောက်ခံမှုတွေထက် အလေးထားပါတယ်။ ကိုယ့်ကို လူတွေအားပေးထောက်ခံတာတော့ ကောင်းတာပေါ့။ ဒါပေမဲ့ ကျွန်တော့်ကို ကျွန်တော် မလိမ်ပါဘူး။ ကျွန်တော့်အနေနဲ့ ကိုယ့် လုပ်နိုင်စွမ်းအပေါ်မှာ ယုံကြည်မှုအပြည့် ရှိတယ်။ ဒီတော့ တခြားလူတွေပြောတာတွေထက် ကိုယ့် အလုပ်ကို အာရုံစိုက်ပါတယ်။ ဒါပေမဲ့ အခုလိုအား ပေးထောက်ခံမှုကို ရတာက အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒါက အသင်းတွင်းတည်ငြိမ်မှုကို ပြတာဖြစ်ပြီး အသင်းမှာ အနာဂတ်စီမံကိန်းတွေ ရှိတယ်ဆိုတာကို ပြတာလည်း ဖြစ်ပါတယ်။

မေး - ခင်ဗျားက အသင်းထိပ်တန်းတာဝန်ရှိသူတွေရဲ့ တစ်ဦးချင်းအားပေးမှုကိုရော၊ လူသိရှင်ကြား အားပေးမှုကို ရထားတယ်။ ဒါပေမဲ့ အာတီတာလို အသင်းကို တည်ဆောက်ဖို့ အချိန်မရလောက်ဘူးလို့ ခင်ဗျား ပြောခဲ့တယ်။ အခုရလဒ်နဲ့ စွမ်းဆောင် မှုကတော့ ခင်ဗျား လိုချင်တဲ့အတိုင်း မဖြစ်သေးဘူး။ ခင်ဗျား ဘာလိုချင်လဲ။
ဖြေ - ကျွန်တော် သေချာလောက်သိပြီး ယုံကြည်တာက အသင်းမှာရှိတဲ့ လူတိုင်းက ကျွန်တော့်ကို ဒီမှာ နှစ်တွေအကြာကြီး ရှိနေစေချင်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီအသင်းမှာ နှစ်တွေ အကြာကြီး ရှိနေချင်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပွဲတွေကို နိုင်ဖို့လိုပါတယ်။ ဒီလိုသမိုင်း ကြောင်းကြီးမားတဲ့ ထိပ်တန်းအသင်းမှာ ရှိနေဖို့ ရလဒ်တွေကောင်းဖို့ လိုပါတယ်။ ဒီမှမဟုတ်ဘူးဆိုရင် ခံစားစရာတွေ များလာမှာပါ။ ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ရနေပေမဲ့ ကျွန်တော်တို့ နိုင်ဖို့ လိုပါတယ်။

မေး - မန်ယူနည်းပြတစ်ယောက်အနေနဲ့ ခင်ဗျားအတွက် အခက်ခဲဆုံးအရာ ဘာလဲ။
ဖြေ - အရာအားလုံးက စိန်ခေါ်မှုလို့ ကျွန်တော်ထင်ပါတယ်။ အခက်အခဲလို့တော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ စိန်ခေါ်မှုပေါ့။ မန်ယူနည်းပြ ဖြစ်လာပြီးနောက်မှာ ကျွန်တော် သင်ယူခဲ့ရတာတွေ၊ သိလာတာတွေ အများကြီးပါ။ ပေါ်တူဂီနဲ့ အများကြီးကွာခြားပါတယ်။ ယူရိုပါလိဂ်မှာဆိုရင်လည်း ပွဲတွေက ပရီးမီးယားလိဂ်နဲ့မတူဘူး။ ပြီးတော့ ဒီမှာ ဝေဖန်မှုတွေ ပိုများတယ်။ ပိုပြင်းထန်တယ်။ အဲဒါ တွေကိုလည်း ခံနိုင်ဖို့ လိုတယ်။ ဒါပေမဲ့ ကျွန်တော် မန်ယူနည်းပြ စဖြစ်လာတဲ့နေ့မှာ ပြောသလိုပဲ ဝေဖန်မှုတွေကို ဂရုမစိုက်ပါဘူး။ အဲဒီဝေဖန်သံတွေက ရလဒ်တွေ ကောင်းလာတာနဲ့ ပျောက်သွားမှာပါ။ ဒီတော့ လူတွေ ဘာပြောပြော ကိစ္စမရှိပါဘူး။ အဓိက နိုင်ပွဲတွေရဖို့ ဖြစ်ပြီး နည်းပြတွေရဲ့ အခက်ခဲဆုံးအလုပ်ကလည်း အဲဒီအလုပ်ပါပဲ။

မေး - ခင်ဗျားက စပို့တင်းမှာတုန်းမှာ အနိုင်ရသူ ဖြစ်ခဲ့တယ်။ ဒီမှာတော့ နိုင်ပွဲတွေဆက်ဖို့ ရုန်းကန်နေရတယ်။ အဲဒီအပေါ် ပြောပြပေးပါဦး။
ဖြေ - ကျွန်တော် ပွဲတွေကို လေ့လာတယ်။ ဘာလို့ နိုင်ပွဲတွေဆက်တိုက် မရတာလဲ ကျွန်တော် လေ့လာတယ်။ အနာဂတ်မှုာ ကျွန်တော် ဘာလုပ်ချင်တယ်ဆိုတာကို စဉ်းစားတယ်။ အဲဒီအရာတွေကို တွေးပြီး ရလဒ်ဆိုးတွေကြားမှာ အဆင်ပြေအောင် နေပါတယ်။ လူတွေက ကျွန်တော့်ရဲ့ ကစားကွက်ကို ဝေဖန်ကြတာပေါ့။ ဒါပေမဲ့ ကျွန်တော် ဘာလုပ်ရမယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ပွဲတွေ ဘာလို့ မနိုင်တာလဲဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းကို ခင်ဗျားကိုတော့ ကျွန်တော် ပြောပြမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ရှင်းပြရမှာ အရှည်ကြီးဖြစ်နေလို့ပါ။

မေး - ခင်ဗျားတည်ဆောက်နေတဲ့ မန်ယူအသင်းကို ကျွန်တော်တို့ အာဆင်နယ်နဲ့ပွဲ ဒုတိယပိုင်းမှာ မြင်ခဲ့ရလား။ ကစားသမားတွေကိုကြည့်ရတာ အရမ်းအဆင်ပြေသလိုပဲ။
ဖြေ - ဟုတ်ပါတယ်။ ကျွန်တော်တို့ ပွဲကို နားလည်အောင် ကြိုးစားနေပါတယ်။ ပွဲအတွင်း ရိုးရှင်းတဲ့အရာတွေကို ခင်ဗျား မြင်ရမှာပါ။ ကျွန်တော် ဖြစ်စေ ချင်တဲ့အရာတွေကို ဖြည်းဖြည်းချင်း တွေ့လာရပါ ပြီ။ ဒါပေမဲ့ လိုပါသေးတယ်။ တစ်ခါတလေတော့ ခံစစ်ကစားရတဲ့အခါတွေ ရှိတယ်။ မန်စီးတီးတို့၊ အာဆင်နယ်တို့ လီဗာပူးလ်တို့နဲ့ ကစားတဲ့အခါမျိုး မှာပေါ့။ အဲဒီအတွက် အသားကျအောင် ကြိုးစားနေပါတယ်။ ပြီးတော့ အသင်းမှာ ရှိတဲ့ကစားသမားတွေနဲ့ ကိုက်ညီမယ့်ကစားဟန်ကို ကျွန်တော် ရှာဖွေရတယ်။ ကျွန်တော် လိုချင်တဲ့အရာတွေကို ပွဲတွေမှာ တဖြည်းဖြည်းနဲ့ တွေ့လာရပါပြီ။ ဒါပေမဲ့ ကျွန်တော် ဖြစ်စေချင်တာနဲ့တော့ အများကြီးကို ကွာခြားနေသေးတာပါ။

မေး - ယူရိုပါလိဂ်က ကွာခြားတယ်လို့ ပြောခဲ့တယ်နော်။ မန်ယူကို ကြည့်ရတာ ပရီးမီးယားလိဂ်ထက် ယူရိုပါလိဂ်မှာ ပိုပြီးသက်သောင့်သက်သာ ဖြစ်နေသလိုပဲ။
ဖြေ - ကိုယ်ကာယပိုင်းအရ ကြည့်ရမယ်ဆိုရင် ယူရိုပါလိဂ်မှာ ကျွန်တော်တို့ ပိုပြီးသက်သောင့်သက်သာဖြစ်တာကို တွေ့ရမှာပါ။ တစ်ခါတလေ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းက ပြိုင်ဘက်အသင်းတွေထက် ပိုပြီးသန်မာတာကို ခင်ဗျားတို့ တွေ့ရမှာပါ။ ပရီးမီးယားလိဂ်မှာတော့ ကျွန်တော် တို့အနေနဲ့ အဲဒီလို မခံစားရပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ အဖြေရှာနေပါတယ်။ ဒါက အရမ်းကို အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ စိတ်ကူးတွေ ရှိတယ်။ ကစားသမားတွေကလည်း သူတို့ ဘာလုပ်ရမယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်လိုချင်တာတွေက သူတို့ လုပ်နေကျ အရာတွေမဟုတ်တော့ အသားကျဖို့အတွက် အချိန်တစ်ခု လိုအပ်ပါတယ်။ လုံလောက်တဲ့ အချိန် တစ်ခုရလာပြီဆိုရင် ကျွန်တော်တို့အနေနဲ့ အရှိန်ရလာမှာပါ။

မေး - ဟွိုင်လန်းက ပါရမီရှင်ကစားသမားတွေထဲက တစ်ဦးပါ။ အလုပ်ကြိုးစားပြီး အသင်းအတွက် အများကြီးလုပ်ပေးနိုင်မယ့်သူ ဖြစ်ပါတယ်။ အခု အချိန်မှာတော့ သူ အလုပ်မဖြစ်ဘူး ဖြစ်နေတယ်။ ဒီတော့ ဟွိုင်လန်းကို ခင်ဗျားဘယ်လိုကူညီပေးနိုင်မလဲ။
ဖြေ - ကျွန်တော်တို့အနေနဲ့ ဟွိုင်လန်း ခြေစွမ်းပြနိုင်အောင် အကောင်းဆုံးကူညီနေပါတယ်။ ဒါကို လူတွေ သိကြမှာ မဟုတ်ပါဘူး။ စပိန်မှာ ကစားခဲ့တဲ့ ပွဲတုန်းကဆိုရင် ဇက်ဇီ ဂိုးသွင်းနိုင်တာ ဟွိုင်လန်းက ပြိုင်ဘက်နောက်ခံလူတွေကြားက ဖြတ်ပြေးလို့ ဇက်ဇီ နေရာလွတ်တွေရပြီး ဂိုးသွင်းနိုင်ခဲ့တာပါ။ အဲဒါကို ကျွန်တော်တို့က အသင်းကစားသမားတွေကို ပြသခဲ့ပါတယ်။ ဒီတော့ ကျွန်တော် ပြောချင်တာက ဒီအသင်းမှာ ရှိတဲ့လူတိုင်းက အရေးကြီးပါတယ်။ ဒါကို လူတွေကတော့ မြင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ မြင်ပါတယ်။ ဟွိုင်လန်းအနေနဲ့ အသင်းအတွက် လုပ်ပေးတာတွေ အများကြီးပါ။ ဒါပေမဲ့ သူက တိုက်စစ်မှူးဖြစ်နေတော့ ဂိုးတွေ သွင်းနိုင်ဖို့လိုတယ်။ တစ်ခါတလေ သူ အခွင့်အရေးတွေ ရတယ်။ ဒါပေမဲ့ သူ ဂိုးမသွင်းနိုင်ဘူး။ ဒါက ယုံကြည်မှုကြောင့်လည်း ပါပါတယ်။ ဒါပေမဲ့ ပွဲအတွင်း အသင်းကို သူ ကူညီတာတွေ အများကြီးပါ။

မူရင်းသတင်း — Eleven Media Group