
အူနိုင်းအမ်မရီမှာ ပါရီအသည်းကွဲခန်း ရှိဖူးတယ်။ ယူရိုပါလိဂ်ဘုရင် အူနိုင်းအမ်မရီက ပါရီမြို့တော်ရဲ့ ဥရောပအောင်ပွဲမျှော်လင့်ချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ ဆီဗီလာနဲ့အတူ ယူရိုပါလိဂ် ချန်ပီယံဆုကို သုံးရာသီဆက် ဆွတ်ခူးပြီးနောက် ပါရီမြို့ဆီ အူနိုင်းအမ်မရီရောက်လာခဲ့တယ်။ PSG ရဲ့ချန်ပီယံလိဂ်အိပ်မက်ကို ဖန်ဆင်းပေးဖို့ရာ တာဝန်ပေးခံရတယ်။ ဒါပေမဲ့ အူနိုင်းအမ်မရီရဲ့ပါရီစွန့်စားခန်းဟာ အမှတ်ပေးချန်ပီယံတစ်ကြိမ်နဲ့ ဖြေသိမ့်ခဲ့ရပေါ့။ အူနိုင်းအမ်မရီအတွက် အမှတ်ရစရာ အကောင်းဆုံး ဒါမှမဟုတ် နာကျင်စရာအကောင်းဆုံး ဇာတ်လမ်းက ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလထဲ ဖြစ်ခဲ့ပါတယ်။ MSN တိုက်စစ်နဲ့ မိုးပျံနေတဲ့ ဘာစီလိုနာကို အူနိုင်းအမ်မရီရဲ့PSG က ပါရီမှာ (၄-ဝ)ဂိုးနဲ့ အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ ဒုတိယအကျော့ နူးကမ့်မှာ တစ်သက်မှာတစ်ခါသာ မြင်ရနိုင်မယ့် Comeback Win ကို ခံစားလိုက်ရတယ်။ ဘာစီလိုနာက PSG ကို (၆-၁)ဂိုးနဲ့ မှော်ဆန်ဆန်အနိုင်ယူပြလိုက်တာပါပဲ။ ဆာဂျီရောဘတ် တိုရဲ့(၉၅)မိနစ်သွင်းဂိုးဟာ အူနိုင်း အမ်မရီအသည်းကို ကွဲစေခဲ့တယ်။ အဲဒီအချိန်တုန်းက ဘာစီလိုနာနည်းပြ လူးဝစ် အန်နရီကေး က "Drama မဟုတ်ဘူး၊ Horror Movie" ဆိုပြီးတင်စားပြောဆိုခဲ့ပါတယ်။
အူနိုင်းအမ်မရီမှာ ပါရီအသည်းကွဲခန်း ရှိဖူးတယ်။ ယူရိုပါလိဂ်ဘုရင် အူနိုင်းအမ်မရီက ပါရီမြို့တော်ရဲ့ ဥရောပအောင်ပွဲမျှော်လင့်ချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ ဆီဗီလာနဲ့အတူ ယူရိုပါလိဂ် ချန်ပီယံဆုကို သုံးရာသီဆက် ဆွတ်ခူးပြီးနောက် ပါရီမြို့ဆီ အူနိုင်းအမ်မရီရောက်လာခဲ့တယ်။ PSG ရဲ့ချန်ပီယံလိဂ်အိပ်မက်ကို ဖန်ဆင်းပေးဖို့ရာ တာဝန်ပေးခံရတယ်။ ဒါပေမဲ့ အူနိုင်းအမ်မရီရဲ့ပါရီစွန့်စားခန်းဟာ အမှတ်ပေးချန်ပီယံတစ်ကြိမ်နဲ့ ဖြေသိမ့်ခဲ့ရပေါ့။ အူနိုင်းအမ်မရီအတွက် အမှတ်ရစရာ အကောင်းဆုံး ဒါမှမဟုတ် နာကျင်စရာအကောင်းဆုံး ဇာတ်လမ်းက ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလထဲ ဖြစ်ခဲ့ပါတယ်။ MSN တိုက်စစ်နဲ့ မိုးပျံနေတဲ့ ဘာစီလိုနာကို အူနိုင်းအမ်မရီရဲ့PSG က ပါရီမှာ (၄-ဝ)ဂိုးနဲ့ အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ ဒုတိယအကျော့ နူးကမ့်မှာ တစ်သက်မှာတစ်ခါသာ မြင်ရနိုင်မယ့် Comeback Win ကို ခံစားလိုက်ရတယ်။ ဘာစီလိုနာက PSG ကို (၆-၁)ဂိုးနဲ့ မှော်ဆန်ဆန်အနိုင်ယူပြလိုက်တာပါပဲ။ ဆာဂျီရောဘတ် တိုရဲ့(၉၅)မိနစ်သွင်းဂိုးဟာ အူနိုင်း အမ်မရီအသည်းကို ကွဲစေခဲ့တယ်။ အဲဒီအချိန်တုန်းက ဘာစီလိုနာနည်းပြ လူးဝစ် အန်နရီကေး က "Drama မဟုတ်ဘူး၊ Horror Movie" ဆိုပြီးတင်စားပြောဆိုခဲ့ပါတယ်။
အခု ချန်ပီယံလိဂ်မှာ Horror Movie အတူတူခံစားခဲ့ရသူ နှစ်ဦး ပြန်ဆုံကြပါပြီ။ အူနိုင်းအမ်မရီနဲ့ လူးဝစ်အန်နရီကေး ပြန်ဆုံကြပါပြီ။ လူငယ်ဗဟိုပြုအစုအဖွဲ့နဲ့ PSG ကို သစ်လွင်စေသူ အန်နရီကေးနဲ့ ဗီလာကို ချန်ပီယံလိဂ်အောင်ပွဲ ဖန်ဆင်းပေးချင်နေတဲ့ အူနိုင်းအမ်မရီတို့ စီးချင်းထိုးကြဦးမယ်။ PSG မှာ အူနိုင်းအမ်မရီ ညံ့ခဲ့တာ မဟုတ်ပါဘူး။ ဗိုလ်တွေ များလွန်းတဲ့ PSG ရဲ့ငြိမ်းချမ်းရေးကင်းမဲ့ ယဉ်ကျေးမှုကြောင့်။ အူနိုင်းအမ်မရီ မှမဟုတ်ပါဘူး။ အန်ဆယ်လော့တီ၊ တူဟယ်လ်၊ ပိုချက်တီနိုတို့အားလုံး ပါရီမှာ ကျဆုံးခဲ့တာမဟုတ်လား။ အူနိုင်းအမ်မရီလက်ထက်မှာ ပေါင်သန်းနှစ်ရာတန် နေမာ ရောက်လာခဲ့တယ်။ နေမာနဲ့ ကာဗာနီတို့ အတ္တချင်း ထိကြငြိကြတယ်။ အူနိုင်းအမ်မရီက ပါရီက ကစားသမားတော်လှန်ရေးကို မထိန်းချုပ်နိုင်ခဲ့ဘူး။
အန်နရီကေးက နည်းပြအဆက်ဆက် မအောင်မြင်ခဲ့တဲ့ တော်လှန်ရေးကို အကောင်းဆုံးဆင်နွှဲပြနေတယ်။ အဆိပ်အတောက်တွေအားလုံး ဖယ်ရှားပြီးနောက် ပါရီကောင်းကင်ဟာ ကြည်လင်သန့်ရှင်းနေပါပြီ။ ကြယ်ပွင့်အသစ်တွေနဲ့ လင်းပနေပါတယ်။ ဒါဟာ အူနိုင်းအမ်မရီ လိုချင်ခဲ့တဲ့ဘဝပါပဲ။ အူနိုင်းအမ်မရီက ပါရီမှာ သူ့ရဲ့အရှိန်အဝါကျဆင်းခဲ့သလို၊ လန်ဒန်မှာလည်း ကံဇာတာမှေးမှိန်ခဲ့တယ်။ သူ့စိတ်ထဲ ပါရီဒဏ်ရာဟာ ခပ်နက်နက် ရှိနေပါလိမ့်မယ်။ ပါရီမြို့သားတွေ သူ့အကြောင်းသိအောင် ပြချင်နေပါလိမ့်မယ်။
ဗီလာမှာ အူနိုင်းအမ်မရီ ထူးချွန်လွန်းနေပါတယ်။ အချိန်သုံးနှစ်အတွင်းမှာ တန်းဆင်းဇုန်ထဲက ဗီလာကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက်အောင် ဖန်ဆင်းပြထားတာပါ။ ဗီလာက အူနိုင်းအမ်မရီကို မခန့်ခင်မှာ အာမိုရင်မ်၊ လိုပယ်တယ်ဟီ၊ ပိုချက်တီနိုတို့ကိုလည်း စိတ်ဝင်စားခဲ့တယ်။ အူနိုင်းအမ်ရီက ဗီလာရဲ့အကောင်းဆုံးရွေးချယ်မှုပါပဲ။ Tactical Masterclass ကို ရွေးချယ်နိုင်ခဲ့တာပါပဲ။ သူ့လက်ထဲမှာ ဒုတိယတန်းစားကစားသမားတွေဟာ ထိပ်တန်းအဆင့်ဖြစ်လာတယ်။ ရပ်ရှ်ဖို့ဒ်လို ကြေကွဲနေတဲ့ကစားသမားလည်း အကြည်ဓာတ်ပြန်ရလာပြီး အစွမ်းပြလာတယ်။ မွန်ချီကို အားကစား ဒါရိုက်တာအဖြစ် ခန့်အပ်နိုင်ခဲ့တာလည်း ဗီလာအတွက် မင်္ဂလာတစ်ပါးပါပဲ။ အူနိုင်းအမ်မရီက "ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကစားခွင့်ရတာ သိပ်ပြီးမိုက်ပါတယ်။ ပြီးတော့ ခက်ခဲပါတယ်။ ဗီလာ အသင်းအတွက်၊ ပရိသတ်တွေအတွက်၊ ကစားသမားတွေအတွက်၊ ကျွန်တော့်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ PSG နည်းပြရာထူးကနေ ထွက်ခဲ့ပြီးနောက် ပါရီကို ပြန်မရောက်ဖြစ်ပါဘူး။ လီဗာပူးလ်နဲ့ပွဲမှာ PSG က သူတို့လုပ်နိုင်စွမ်းကို ပြသနိုင်ခဲ့တယ်။ PSG အသင်းရဲ့အားနည်းချက်ကို ရှာဖွေပြီး အကောင်းဆုံး ပြင်ဆင်သွားပါမယ်။ ဗီလာအတွက် ချန်ပီယံလိဂ်က သိပ်အရေးကြီးပြီး PSG နဲ့ကစား ခွင့်ရလို့ ရင်ခုန်မိပါတယ်"လို့ ပြောတယ်။
၂၀၁၇ ချန်ပီယံလိဂ်တုန်းက PSG နဲ့ ဘာစီလိုနာပွဲဟာ ဒဏ္ဍာရီဆန်ခဲ့ပါတယ်။ အူနိုင်းအမ်မရီနဲ့ လူးဝစ်အန်နရီကေး ဖန်ဆင်းတဲ့ Horror Movie ပါပဲ။ အခု ရှစ်နှစ်အကြာမှာ နောက်ထပ် Horror Movie ခံစားခွင့်ရဦးမလား။ PSG ရဲ့မရှိမဖြစ် ရင်ခုန်သံ အမ်ဘာပေ မရှိမှ PSG အသင်းပိုကောင်းလာတယ်လို့ ဗီတင်ညာ ပြောလိုက်ပါတယ်။ သူ့စကားက အမ်ဘာပေကို မနာလိုဖြစ်ပြီး ပြောတာ မဟုတ်ဘူး။ အမ်ဘာပေမရှိမှ PSG က ဘောလုံး အသင်းတစ်သင်းနဲ့ ပိုတူလာတာ၊ ဘောလုံးအား ကစားနည်းက တင်းနစ်တို့၊ ဂေါ့ဖ်တို့လိုမဟုတ်ဘူး။ တစ်ဦးတစ်ယောက်တည်း ထူးချွန်နေလို့မရဘူး။ အသင်းလိုက်စုစည်းညီညွတ်မှရတာပါ။ မှော်ဆရာ တွေဘယ်လောက်များများ United မဖြစ်ရင် အလကားပါပဲ။ PSG က ကြယ်စင်စုစီမံကိန်းကို အသည်းအသန်သရုပ်ဖော်ပေမဲ့ မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။ အာဏာလုပွဲတွေပဲ ကြုံခဲ့ရတယ်။ ပါရီမြို့မှာ အိမ်ရှေ့မင်းသားတွေ သိပ်များခဲ့ပါတယ်။ နေမာ၊ အမ်ဘာပေ၊ မက်ဆီ၊ တစ်ခေတ်မှာ နှစ်ယောက် မရှိနိုင်တဲ့ ကြယ်ပွင့်တွေ ပိုင်ဆိုင်ခဲ့ပေမဲ့ ပါရီဟာ ပြည်တွင်းစစ်ကြောင့် မတိုးတက်တဲ့ တိုင်းပြည်လိုပဲ။ နစ်မွန်းခဲ့ရတယ်။ အခု PSG က စည်းလုံးခြင်းရဲ့သီချင်းတစ်ပုဒ်ကို သီဆိုနေပါပြီ။ အတ္တတွေ မထိကြ မငြိကြဘဲ ရည်မှန်းချက်ဆီ အတူချီတက်နေတယ်။
ဗီတင်ညာက PSG ကွင်းလယ်ရဲ့နှလုံးသားပါ။ သူ့ရဲ့ခပ်သေးးသေးခန္ဓာကိုယ်လေးနဲ့ မလိုက်အောင်ပဲ တာဝန်အကြီးကြီးယူထားတယ်။ ဖိအားတွေကို ထမ်းပိုးထားတယ်။ သူ့ကို PSG ပရိသတ်တွေ Fearless ဆိုပြီး တင်စားပါတယ်။ တကယ်လည်း ဗီတင်ညာက အထိတ်အလန့်မရှိဘူး။ ဘောလုံးကိုင်ကစားနိုင်တယ်။ ဘောလုံးဖြန့်ဝေနိုင်တယ်၊ ဘောလုံးလိုက်ဖျက်နိုင်တယ်။ မဆုတ်မနစ် ပေးဆပ်တတ်တယ်။ အဝေးကန်ချက်တွေနဲ့လည်း ခြိမ်းခြောက်နိုင်ပါတယ်။ ဗီတင်ညာက ပေါ်တူဂီရဲ့နောက်ဆုံးထုတ် အဖိုးတန်ကြယ်ပွင့်ပါ။ စီရော်နယ်လ်ဒို ကိုယ်တိုင် သူ့ကို ချီးကျူးဖူးတယ်။ ဘာနာဒိုဆေးလ်ဗား လက်သစ်ဆိုပြီး တင်စားခံထားရတယ်။ PSG ကို သူရောက်ပြီးနောက် ကွင်းလယ်အသည်း နှလုံးဖြစ်လာတာပါပဲ။ လက်ရှိရာသီမှာ သူ့ရဲ့ တန်ဖိုးက ပိုပြီးသိသာလာတယ်။ PSG တိုက်စစ်နဲ့ ခံစစ်ကြားက ချိတ်ဆက်မှုဟာ ဗီတင်ညာပါပဲ။
ဗီတင်ညာက "ကျွန်တော်တို့အတွက် ကွဲပြားခြားနားတဲ့ ရာသီတစ်ခုဖြစ်ပါတယ်။ အမ်ဘာပေ အကြောင်းပြောရတာ ပြဿနာမရှိပါဘူး။ အမ်ဘာပေက အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်ပေမဲ့ အကောင်းဆုံးတော့ မဟုတ်ပါဘူး။ အမ်ဘာပေ မရှိတာ ခက်ခဲပြီး သူ့နေရာ တိုက်ရိုက်အစားထိုးလို့ မရပါဘူး။ ဒါပေမဲ့ အမ်ဘာပေရဲ့နေရာမှာ စုစည်းညီညွတ်တဲ့အသင်းတစ်သင်းနဲ့ အစားထိုးနိုင်ခဲ့တယ်။ ကျွန်တော်တို့ အဲဒီလိုမျိုး လုပ်နိုင်ခဲ့ပါတယ်။ အမ်ဘာပေမရှိချိန်မှာ ကျွန်တော်တို့အသင်းက ပိုပြီး အသင်းတစ်သင်းနဲ့တူလာပါတယ်။ ပိုပြီးစုစည်းမှု ရှိလာပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေမပြည့်သေးပေမဲ့ တိုးတက်လာပါတယ်" လို့ ပြောပါတယ်။
ဗီတင်ညာပြောသလိုပဲ PSG က ချန်ပီယံလိဂ်မှာ ပိုပြီးအထင်ကြီးခံလာရတယ်။ လီဗာပူးလ်လို မရှုံးတော့ဘူးလို့ထင်ရတဲ့အသင်းကို အန်ဖီးလ်မှာ အနိုင်ယူ ကျော်ဖြတ်ပြလိုက်တယ်။ အခုဆိုရင် ချန်ပီယံလိဂ်ဘုရင် ရီးယဲလ်ကိုကျော်ပြီး PSG က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေပြီ။ လီဗာပူးလ်ကို ကျော်ဖြတ်လာတဲ့ PSG က ကွာတားဖိုင်နယ်မှာ ဗီလာကို ထပ်ပြီး အနိုင်ယူပြဦးမှာပါ။ အဲဒီ မျှော်လင့်ချက်အတွက် ဗီတင်ညာက အသင့်ရှိနေပါတယ်။ ဗီတင်ညာက မက်ဆီလို GOAT နဲ့ အသင်းဖော်ဖြစ်ခွင့်ရတာ ဂုဏ်ယူမဆုံးနိုင်ပါဘူး။ သူ့ရဲ့ သားစဉ်မြေးဆက်သိအောင် ပြန်ပြောပြချင်နေတာပါ။ "မက်ဆီ၊ နေမာ၊ ဘာပေတို့နဲ့ အသင်းဖော်ဖြစ်ခဲ့ရတာ မမေ့နိုင်စရာပါ။ သူတို့နဲ့ တွဲကစားရတာ မလွယ်ကူပါဘူး။ ကျွန်တော့်ရဲ့ကစားသမားဘ၀ တစ်လျှောက်လုံး အမှတ်ရနေမှာပါ။ အကောင်းဆုံးကစားသမားတွေနဲ့ အသင်းဖော်ဖြစ်ခဲ့တာကို ကျွန်တော့်သားတွေ၊ ကျွန်တော့်မြေးတွေသိအောင် ပြောပြသွားမှာပါ"လို့ ဗီတင်ညာ ဖွင့်ဟပါတယ်။
ဗီတင်ညာက လက်ရှိရာသီ ချန်ပီယံလိဂ်ရဲ့အကောင်းဆုံးစွမ်းရည်ပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ သူက ဂိုးတွေအများကြီး မသွင်းနိုင်သလို၊ ဂိုးဖန်တီးမှု အများကြီးလည်း လုပ်ချင်မှလုပ်ပါလိမ့်မယ်။ ဒါပေမဲ့ သူမရှိရင် PSG ရဲ့ဝင်ရိုး မရှိတော့ပါဘူး။ မန်စီးတီးရဲ့ အောင်ပွဲတွေမှာ ရိုဒရီ မရှိရင် မဖြစ်သလိုမျိုး PSG ရဲ့အမြင့်ပျံခရီးမှာ ဗီတင်ညာက အဓိကလူပါ။ တိုက်စစ်ကစားသမားတွေ၊ ဂိုးသွင်းကောင်းသူတွေကိုသာပိုပြီးအမှတ်ရကြတဲ့ခေတ်ကြီးထဲမှာ ဗီတင်ညာလိုကစားသမားမျိုးတွေလိုအပ်ပါတယ်။ သူတို့က နှလုံး ခုန်သံလိုပါပဲ။ မရှိမဖြစ်ပါ။