Eleven Media Group

အာဆင်နယ်နှင့်ပွဲကို လွဲချော်ခဲ့သည့် ပါလ်မာအနေဖြင့် ကြွက်သားဒဏ်ရာရရှိနေ၍ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားနိုင်ဖွယ်မရှိဟု မာရက်စကာ ဆို

Photo: X

ချယ်လ်ဆီးနည်းပြ မာရက်စကာက အာဆင်နယ်နှင့်ပွဲကို လွဲချော်ခဲ့သည့် တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာသည် ကြွက်သားဒဏ်ရာရရှိနေသောကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။
ပါလ်မာသည် ယခုရာသီတွင် အာဆင်နယ်နှင့်ပွဲမတိုင်မီအထိ ချယ်လ်ဆီးအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈)ပွဲစလုံး၌ ပါဝင်ကစားခဲ့သူဖြစ်ပြီး အာဆင်နယ်နှင့်ပွဲတွင်မှ ပထမဆုံးအကြိမ် လွဲချော်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ၂၀၂၄ ဧပြီလက အာဆင်နယ်အသင်းအား (၀-၅)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲတွင် ပါလ်မာကို ဒဏ်ရာပြဿနာကြောင့် အသုံးမပြုနိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယခုတစ်ပတ် အာဆင်နယ်နှင့်ပွဲတွင်လည်း အနားပေးခဲ့ရခြင်းဖြစ်သည်။
ယခုတစ်ပတ်ပွဲစဉ်ကို လွဲချော်ခဲ့ခြင်းမှာမူ နေမကောင်းဖြစ်နေခြင်းကြောင့်ဟုလည်း မာရက်စကာက ဆိုခဲ့သည်။
အာဆင်နယ်နှင့်ပွဲလူစာရင်းတွင် ပါလ်မာ မပါဝင်ခြင်းအတွက် မေးမြန်းမှုကို မာရက်စကာက ''သူ အိမ်သာထဲမှာ မဟုတ်တာတော့ သေချာပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ သူ့အနေနဲ့ နေမကောင်းတာအပါအဝင် ပြဿနာတချို့ ရှိခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ မနေ့က အသေးအဖွဲပြဿနာတစ်ခု ရှိခဲ့ပါတယ်။ မနေ့က အပေါ့စားလေ့ကျင့်ရေးအစီအစဉ်မှာ သူ ဒဏ်ရာရခဲ့ပါတယ်။ ဒါက အရေးကြီးတယ်လို့ ကျွန်တော်တို့ မထင်ပါဘူး။ ဒါပေမဲ့ စောင့်ကြည့်ရမှာပါ။ နိုင်ငံတကာရက်သတ္တပတ်ပြီးရင်တော့ ပြန်ကစားနိုင်မယ်ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ပါလ်မာသည် အင်္ဂလန်နည်းပြသစ် သောမတ်စ်တူဟယ်လ် ရွေးချယ်ထားသည့် အင်္ဂလန်လက်ရွေးစင်အသင်း၏ (၂၆)ဦးစာရင်းတွင် ပါဝင်နေပြီး မတ်(၂၁)ရက်တွင် အယ်လ်ဘေးနီးယား၊ မတ်(၂၄)တွင် လတ်ဗီးယားတို့နှင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သို့သော် အာဆင်နယ်နှင့်ပွဲကို လွဲချော်ခဲ့ပြီးနောက် အင်္ဂလန်အသင်းလူစာရင်းမှ နုတ်ထွက်ဖွယ်ရှိကြောင်း သတင်းများထွက်လာခဲ့သည်။
ချယ်လ်ဆီးနည်းပြ မာရက်စကာကလည်း အာဆင်နယ်နှင့်ပွဲအပြီးတွင် ပါလ်မာအနေဖြင့် အင်္ဂလန်အသင်းနှင့် လက်တွဲနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။
''အင်္ဂလန်အသင်းအတွက် သူ ကြံ့ခိုင်မှုပြည့်ဝလိမ့်မယ်လို့ မထင်ပါဘူး။ သူ့ရဲ့ဒဏ်ရာကို Scan နဲ့ စမ်းသပ်စစ်ဆေးမှုပြုလုပ်ဖို့ လိုအပ်ပါတယ်''ဟု မာရက်စကာက ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲကို နိုင်ငံတကာရက်သတ္တပတ်ကြောင့် ယခုတစ်ပတ်ပွဲစဉ်အပြီးတွင် ရပ်နားခဲ့ပြီး ဧပြီလဆန်းမှ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် နိုင်ငံတကာရက်သတ္တပတ်အလွန် ပြန်လည်စတင်မည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မြို့ခံပြိုင်ဘက် စပါးအသင်းနှင့် လန်ဒန်ဒါဘီပွဲ ဆင်နွှဲရမည်ဖြစ်သည်။
ချယ်လ်ဆီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်(၂၉)အပြီးတွင် အဆင့်(၄)နေရာ၌ ရပ်တည်နေပြီး ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရန်အတွက် နော်တင်ဟမ်၊ မန်စီးတီး၊ နယူးကာဆယ်၊ ဘရိုက်တန်၊ ဖူလ်ဟမ်၊ အက်စတွန်ဗီလာတို့နှင့် အပြိုင်လုရဖွယ်ရှိသည်။
ထို့ပြင် ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် လက်ကျန်ပွဲများမှာ အရေးပါနေပြီဖြစ်ရာ ပါလ်မာကို အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ယှဉ်ပြိုင်ကစားခြင်းမပြုရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။
ပါလ်မာသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ၌ (၁၄)ဂိုးသွင်းယူပေးထားပြီး အန်ကွန်ကူနှင့်အတူ ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသူဖြစ်သည်။

မူရင်းသတင်း — Eleven Media Group