Eleven Media Group

ပွဲများအနိုင်ရပြီး ထိုက်တန်သည်ဟု ခံစားရမှသာ အင်္ဂလန်နိုင်ငံတော်သီချင်းကို သီဆိုမည်ဟု အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ တူဟယ်လ် ပြောကြား

Photo: Getty Images

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က အင်္ဂလန်နည်းပြအဖြစ် ပွဲများအနိုင်ရပြီး ထိုက်တန်သည်ဟု ခံစားရမှသာ အင်္ဂလန်နိုင်ငံတော်သီချင်းကို သီဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျာမန်လူမျိုးနည်းပြ တူဟယ်လ်သည် ၎င်း၏အင်္ဂလန်နည်းပြဘဝ ပထမဆုံးလူစာရင်းကို မတ်လ (၁၅)ရက် (သောကြာနေ့)တွင် ထုတ်ပြန်ခဲ့ပြီး အေဂျက်စ်ဝါရင့်ကွင်းလယ်ကစားသမား ဟန်ဒါဆန်အား အံ့အားသင့်ဖွယ် ရွေးချယ်ခဲ့ခြင်းအတွက် ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။
တူဟယ်လ်သည် လီကာစလေ အင်္ဂလန်ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်က နိုင်ငံတော်သီချင်း သီဆိုခြင်းမရှိသဖြင့် ဝေဖန်ခံခဲ့ရမှုအပေါ် သိရှိထားပြီး ယင်းအချက်နှင့်ပတ်သက်၍ သတိထားပြောကြားခဲ့သည်။
တူဟယ်လ်က ၎င်းအနေဖြင့် အင်္ဂလန်နည်းပြဘဝ ပထမဆုံးပွဲတွင် အင်္ဂလန်နိုင်ငံတော်သီချင်း God Save the King ကို သီဆိုမည်မဟုတ်ဘဲ နိုင်ပွဲများရပြီး ထိုက်တန်သည်ဟု ခံစားရမှသာ သီဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တူဟယ်လ်က ''အင်္ဂလန်နိုင်ငံတော်သီချင်းက အင်အားကြီးသလို၊ ခံစားချက်အပြည့်ပါပြီး အဓိပ္ပာယ်ရှိတဲ့ သီချင်းတစ်ပုဒ်ပါ။ အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ဒါပေမဲ့ အင်အားကြီးမားတဲ့ နိုင်ငံတော်သီချင်းကို သီဆိုဖို့အတွက် ကျွန်တော့်အနေနဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့ လိုတယ်လို့ ထင်ပါတယ်။ ဒါကြောင့် အင်္ဂလန်နည်းပြဘဝ ပထမဆုံးပွဲမှာ နိုင်ငံတော်သီချင်းကို မသီဆိုဖို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ နိုင်ပွဲတွေရပြီး အင်္ဂလန်နဲ့ တစ်သားတည်းလို့ ခံစားရမှသာ နိုင်ငံတော်သီချင်းကို သီဆိုသွားမှာပါ''ဟု ပြောကြားခဲ့သည်။
တူဟယ်လ်သည် အင်္ဂလန်နည်းပြအဖြစ် (၁၈)လ စာချုပ်ဖြင့် ခန့်အပ်ခံထားရသူဖြစ်သည်။
အင်္ဂလန်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မတ် (၂၁)ရက်တွင် အယ်လ်ဘေးနီးယား၊ မတ် (၂၄)ရက်တွင် လတ်ဗီးယားတို့နှင့် ကစားရမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group