
ဘရာဇီးလ်ဂန္ထဝင် ရီဗာလ်ဒိုက နာမည်ကျော် ဆန်းတို့စ်တိုက်စစ်မှူး နေမာအနေဖြင့် လာမည့်ရာသီတွင် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ကစားလိုနေကြောင်း ပြောကြားခဲ့သည်။
အသက် (၃၃) နှစ်အရွယ်ရှိ နေမာသည် ပြီးခဲ့သည့်ဇန်နဝါရီတွင် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနှင့် စာချုပ်ဖျက်သိမ်းပြီးနောက် ဘာစီလိုနာအသင်းထံသို့ ပြန်လည်ပြောင်းရွှေ့လိုခဲ့သော်လည်း အဆင်မပြေသဖြင့် နောက်ဆုံးတွင် ငယ်စဉ်ကတည်းက ကစားခဲ့သည့် ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
သို့သော် နေမာသည် ဥရောပတွင် ပြန်ကစားရန် ဆန္ဒရှိနေပြီး ၎င်း၏အေးဂျင့်ဖြစ်သူ ဇဟာဗီသည် ဘာစီလိုနာအပါအဝင် ဥရောပကလပ်အသင်းများနှင့် ချိတ်ဆက်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
ယခုအခါ ဘရာဇီးလ်ဂန္ထဝင် ရီဗာလ်ဒိုက နေမာအနေဖြင့် လာမည့်ရာသီတွင် ဘာစီလိုနာအသင်းထံသို့ ပြန်လည်ပြောင်းရွှေ့လိုနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရီဗာလ်ဒိုက ''နေမာက ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးသမားဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နေမာရဲ့ကစားပုံကို အမြဲသဘောကျခဲ့တာပါ။ သူ့အနေနဲ့ အခုဆန်းတို့စ်အသင်းမှာ လုပ်ပြနေတာတွေကို ဆက်ပြီးလုပ်နိုင်မယ်ဆိုရင် ဥရောပမှာ သူ့အတွက် နေရာတစ်ခု ရှိနေဦးမှာပါ။ သူက ဘာစီလိုနာကို ပြန်ချင်နေတာပါ''ဟု ပြောကြားခဲ့သည်။
နေမာသည် ဘာစီလိုနာအသင်းတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၁၈၆)ပွဲတွင် (၁၀၅)ဂိုးသွင်းယူခဲ့ကာ ဖလား (၈)လုံးအထိ ရရှိခဲ့သည်။