Eleven Media Group

ခွန်ခမာပြိုင်ပွဲတွင် စိုးမိုးဇော်အနိုင်ရပြီး မွေထိုင်းပြိုင်ပွဲတွင် စောအေးစီး အလဲထိုးခံရကာ ရှုံးနိမ့်

Photo: Bayon TV

ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဖိုက်တာ စိုးမိုးဇော်မှာ အနိုင်ရခဲ့ပြီး မွေထိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဖိုက်တာ စောအေးစီးမှာ အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
Champion Kun Khmer ဟု အမည် ရသည့် ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲကို ပြီးခဲ့သည့်မတ် ၁၆ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
ယင်းပြိုင်ပွဲတွင် မြန်မာဖိုက်တာ စိုးမိုးဇော်သည် (၆၃.၅) ကီလိုတန်း၌ ထိုင်းဖိုက်တာ အက်နာခွန်လုမောင်ရာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
ယင်းပွဲကို ခွန်ခမာစည်းမျဉ်းအတိုင်း သုံးမိနစ် သုံးချီ ယှဉ်ပြိုင်စေခဲ့ပြီး စိုးမိုးဇော်မှာ လက်ရည်အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့သည်။
ဒုတိယအချီတွင် စိုးမိုးဇော်၏ ဘယ်ညာတွဲလုံး Body ထိုးချက်များကြောင့် ထိုင်းဖိုက်တာမှာ ဆက်မထိုးနိုင်တော့ဘဲ အရှုံးပေးခဲ့ခြင်းဖြစ်သည်။
စိုးမိုးဇော်သည် ယခုပွဲမတိုင်မီ ပြီးခဲ့သည့်မတ် ၁ ရက်က အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာနှင့် ခွန်ခမာပြိုင်ပွဲ ထိုးသတ်ခဲ့ရာတွင်လည်း အမှတ်ဖြင့် အနိုင်ရထားသည်။
မတ် ၁၆ ရက်က ထိုင်းနိုင်ငံ၊ အယုတ္တရမြို့တွင် ကျင်းပခဲ့သည့် ထိုင်းဖိုက်မွေထိုင်းပြိုင်ပွဲတွင် မြန်မာဖိုက်တာ စောအေးစီးမှာ အိမ်ရှင်ထိုင်းဖိုက်တာ ခေါပတ်နှင့် (၆၁) ကီလိုတန်း၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
ယင်းပွဲတွင် စောအေးစီးမှာ နောက်ဆုံးအချီ၌ အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group