
ဟောင်ကောင် ယူ-၂၂ အသင်းသည် မြန်မာ ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ခြေစမ်းပွဲများအတွက် ပဏာမကစားသမား ၃၆ ဦးထဲမှ အပြီးသတ်ကစားသမား ၂၁ ဦးရွေးချယ်ကာ ခေါ်ဆောင်လာကြောင်း သိရသည်။
ဟောင်ကောင် ယူ-၂၂ အသင်းနည်းပြဖြစ်သူ အင်္ဂလန်နိုင်ငံသား ဒါရင်အာနော့သည် ၂၀၂၆ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပဏာမကစားသမား ၃၆ ဦးဖြင့် လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ယခုအခါ ယင်းကစားသမားများထဲမှ ၂၁ ဦးကို ရန်ကုန်မြို့သို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းနှင့် ဟောင်ကောင် ယူ-၂၂ အသင်းသည် မတ် ၁၉၊ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းနှင့် ဟောင်ကောင် ယူ-၂၂ အသင်းသည် မတ် ၁၉ ရက်တွင် ကစားမည့် ပထမခြေစမ်းပွဲကို ညနေ ၄ နာရီခွဲ၊ မတ် ၂၂ ရက်တွင်ကစားမည့် ဒုတိယခြေစမ်းပွဲကို ညနေ ၄ နာရီတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဟောင်ကောင် ယူ-၂၂ အသင်း နှင့် ယှဉ်ပြိုင်ကစားရမည့် ခြေစမ်းပွဲများအတွက် ပဏာမကစားသမား ၃၀ ဦးဖြင့် လေ့ကျင့်မှုများပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းအတွက် ဂျပန်နည်းပြ ဟီဆာရှီကူရိုဆာကီကို တာဝန်ပေးခန့်အပ်ထားသည်။
ဟီဆာရှီကူရိုဆာကီသည် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မြန်မာ ယူ-၂၂ အသင်းဖွဲ့စည်းရန် ပဏာမကစားသမားရွေးချယ်ပွဲများ ပြုလုပ်ခဲ့ပြီး မတ်လဆန်းပိုင်းမှစ၍ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဟောင်ကောင် ယူ -၂၂ အသင်းနှင့် ခြေစမ်းပွဲမတိုင်မီ ပြည်တွင်းခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားထားရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ထားသည်။
မြန်မာ ယူ-၂၂ အသင်းသည် ပြည်တွင်းခြေစမ်းပွဲများတွင် ဒဂုံစတားယူနိုက်တက်အသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရပြီး ရန်ကုန်တိုင်းအသင်းနှင့် ဂိုးမရှိသရေကျခဲ့ကာ မြန်မာ့လက်ရွေးစင်အသင်းကို(၀-၁) ဂိုးဖြင့် ရှုံးနိမ့်ထားကြောင်း သိရသည်။
မြန်မာ ယူ -၂၂ အသင်းသည် ယခုနှစ်အတွင်း (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲအပါအဝင် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ၂၀၂၆ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၅ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပမည့်ကာလကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း မြန်မာ ယူ -၂၂ အသင်းသည် ၂၀၂၆ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို လာမည့်စက်တင်ဘာအတွင်း၊ (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲကို လာမည့်ဒီဇင်ဘာအတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။