Eleven Media Group

မြန်မာ့လက်ရွေးစင်အသင်း ၂၀၂၇ အာရှဖလားခြေစစ်ပွဲမတိုင်မီ မတ် ၂၀ ရက်တွင် MNL All Stars အသင်းနှင့် ခြေစမ်းကစားမည်

Photo: MFF

၂၀၂၇ အာရှဖလားတတိယအဆင့် ခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲမတိုင်မီ မတ်၂၀ ရက်တွင် MNL All Stars အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ၂၀၂၇ အာရှဖလားတတိယအဆင့် ခြေစစ်ပွဲမတိုင်မီ ယခုလအတွင်း ဗီယက်နမ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ခဲ့သော်လည်း ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်(VFF) နှင့် ခြေစမ်းကစားမည့်ရက် ညှိနှိုင်းမှုများ သဘောတူညီမှုမရခဲ့သောကြောင့် ပျက်ပြယ်ခဲ့ရသည်။
ထို့နောက် MFF သည် အာရှဖလားတတိယအဆင့် ခြေစစ်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်းအား အခြားပြည်ပအသင်းတစ်သင်းနှင့် ပြည်တွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း သိရ သည်။
ထို့ကြောင့် MFF သည် အာရှဖလားတတိယအဆင့် ခြေစစ်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်းအား ပြည်ပအသင်းများနှင့် ခြေစမ်းကစားရန် ကြိုးပမ်းနေမှုကို ရုပ်သိမ်းလိုက်ပြီး ပြည်တွင်း MNL All Stars အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၇ အာရှဖလားတတိယအဆင့်ခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့်မတ် ၃ ရက်မှစ၍ လေ့ကျင့်မှုများပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် အသင်းကို ပဏာမကစားသမား ၄၂ ဦးဖြင့် ဖွဲ့စည်းထားပြီး အာဖဂန်နစ္စတန်လက်ရွေးစင်အသင်း နှင့် ယှဉ်ပြိုင်ကစားရမည့် ၂၀၂၇ အာရှဖလားတတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမပွဲမတိုင်မီ ရက်ပိုင်းအလိုမှသာ အပြီးသတ်ကစားသမား ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်း၌ AFC Challenge League ပြိုင်ပွဲ ကွာတားဖိုင်နယ် ကစားခဲ့သည့် ရှမ်းယူနိုက်တက်အသင်းမှ ကစားသမားများနှင့် ပြည်ပထွက်ကစားနေသည့် ကစားသမားများမှာ အသင်းနှင့် စတင်ပူပေါင်းနိုင်ပြီဖြစ်၍ လေ့ကျင့်ရေးကွင်း၌ လူစုံလေ့ကျင့်နေနိုင်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားတတိယအဆင့် ခြေစစ်ပွဲမတိုင်မီ ပထမခြေစမ်းပွဲအဖြစ် ပြီးခဲ့သည့်မတ် ၁၄ ရက်က မြန်မာယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
သို့သော် MFF သည် ယင်းခြေစမ်းပွဲကို ကွင်းပိတ်ကစားခဲ့ပြီး ရလဒ်ကို ထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်အသင်းတို့နှင့် အုပ်စု (E) တွင် ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် မတ် ၂၅ ရက်တွင် အာဖဂန်နစ္စတန်အသင်းနှင့် ရန်ကုန်မြို့တွင် အိမ်ကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကျင်းပပြီးခဲ့သည့် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲမတိုင်မီကလည်း MNL All Stars အသင်းနှင့် ခြေစမ်းကစားခဲ့ပြီး ထိုစဉ်က(၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ထိုစဉ်က MNL All Stars အသင်းကို ဦးဇော်လင်းထွန်းက နည်းပြအဖြစ် ကိုင်တွယ်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group