Eleven Media Group

လိဂ်ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ခြင်းမှာ နယူးကာဆယ်အသင်းက အောင်ပွဲကို ပိုမိုဆာလောင်ခြင်းကြောင့် မဟုတ်ကြောင်း လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ ရှင်းလင်း

Photo: Getty Images

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က လိဂ်ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ခြင်းမှာ နယူးကာဆယ်အသင်းက အောင်ပွဲကို ပိုမိုဆာလောင်ခြင်းကြောင့် မဟုတ်ကြောင်း ရှင်းလင်းပြောကြားသည်။
လီဗာပူးလ်အသင်းသည် လိဂ်ဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်ပြီး ဗိုလ်လုပွဲသို့ နှစ်ရာသီဆက် တက်ရောက်နိုင်ခဲ့သည်။
၎င်းတို့အနေဖြင့် ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းအထိ အသာစီးရယူနိုင်ခဲ့သော်လည်း နယူးကာဆယ်အသင်းက အခွင့်အရေးများ ပိုမိုဖန်တီးနိုင်ခဲ့ပြီး (၁-၂) ဂိုးဖြင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
နယူးကာဆယ်အသင်းမှာ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံး ပြည်တွင်းဆုဖလားအောင်မြင်မှု ရယူနိုင်ခဲ့ခြင်းဖြစ်ရာ အာနယ်ဆလော့က ''သူတို့က နောက်ဆုံးဆုဖလား ရခဲ့တာ နှစ် ၇၀ ရှိပါပြီ။ ဒါပေမဲ့ အဲဒါက ပရိသတ်တွေအတွက်ပါ။ ကစားသမားတွေက ဘောလုံးကစားဖို့ အချိန် ၁၅ နှစ်ပဲ ရပါတယ်။ သူတို့က သူတို့ယှဉ်ပြိုင်ရတဲ့ ဆုဖလားအားလုံးကို ရယူချင်ကြပါတယ်။ ကျွန်တော်တို့လည်း ဒီဆုဖလားကို လိုချင်တာပါပဲ။ ဒီပွဲက သူတို့ လိုချင်တဲ့ပုံစံအတိုင်း သွားခဲ့တဲ့ပွဲတစ်ပွဲပါ။ ပထမပိုင်းမပြီးခင်မှာ ဂိုးရသွားတာက သူတို့ကို အပိုစွမ်းအင်ရသွားစေပြီး ပထမပိုင်း ၄၅ မိနစ်အပြီးမှာလည်း သူတို့က ထိုက်တန်မှုရှိတာ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ခြိမ်းခြောက်နိုင်တာက ကျွန်တော်တို့ ခြိမ်းခြောက်နိုင်တာထက် ပိုများလို့ပါ။ သူတို့က ပိုပြီးဆာလောင်နေတာကြောင့်လို့တော့ ကျွန်တော်မထင်ပါဘူး'' ဟု ပြောကြားသည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ကြားရက်တွင် PSG အသင်းအား ရှုံးနိမ့်သဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရသလို လိဂ်ဖလားဗိုလ်လုပွဲတွင် ရှုံးပွဲထပ်မံကြုံတွေ့သဖြင့် ရက်ပိုင်းအတွင်းမှာပင် ဖလားနှစ်လုံးမျှော်လင့်ချက် လက်လျှော့ခဲ့ရပြီဖြစ်သည်။
ယင်းအခြေအနေအပေါ် အာနယ်ဆလော့က ''စိတ်ပျက်စရာရလဒ်၊ စိတ်ပျက်စရာစွမ်းဆောင်ရည်ပါပဲ။ PSG နဲ့ ပွဲအပြီးမှာ ကျွန်တော်ခံစားခဲ့ရတာနဲ့ လုံးဝကို ကွဲပြားပါတယ်။ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်တာက ကျွန်တော်တို့အတွက် ပထမဆုံးအကြိမ်ဖြစ်မယ်လို့ ထင်တယ်။ PSG နဲ့ နယူးကာဆယ်က အရမ်းကောင်းတဲ့အသင်းတွေဖြစ်ပြီး နှစ်သင်းစလုံး ကိုယ်ပိုင်ပုံစံတွေရှိပါတယ်။ သူတို့ (နယူးကာဆယ်) ကို အနိုင်ယူဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ စိန့်ဂျိမ်းစ်ပါ့ခ်မှာကစားကတည်းက ကျွန်တော်တို့ သိထားပြီးသားပါ။ ဒါက ခက်ခဲတဲ့ရက်သတ္တပတ်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ (ပရီးမီးယားလိဂ်) ဦးဆောင်မှုကို ၁၂ မှတ်အထိ တိုးမြှင့်လိုက်နိုင်တဲ့အတွက် အားလုံးတော့ အနုတ်လက္ခဏာမဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ဆုံးကစားတဲ့နှစ်ပွဲစလုံးက ကျွန်တော်တို့လိုချင်တာမျိုးမဟုတ်တာ သေချာပါတယ်'' ဟု ဆက်လက်ပြောကြားသည်။
ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ တွင် အာဆင်နယ်အသင်းက လန်ဒန်ဒါဘီပြိုင်ဘက် ချယ်လ်ဆီးအသင်းအား အိမ်ကွင်း၌ (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် လက်ကျန်ကိုးပွဲအလိုတွင် လီဗာပူးလ်အသင်းအား ပွဲတူ၊ ၁၂ မှတ်အကွာဖြင့် ဖိအားပေးလျက်ရှိသည်။

မူရင်းသတင်း — Eleven Media Group