
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လာမည့် ၂၀၂၅-၂၆ ရာသီမှစ၍ Puma ဘောလုံးကို အသုံးပြုသွားမည်ဖြစ်ကြောင်း တနင်္လာနေ့က အတည်ပြုကြေညာခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လက်ရှိရာသီအထိ Nike ၏ ဘောလုံးကို အသုံးပြုနေခြင်းဖြစ်ပြီး ရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
ပရီးမီးယားလိဂ်သည် ၂၀၀၀ ခုနှစ်မှစ၍ Nike နှင့် လက်တွဲခဲ့ခြင်းဖြစ်ပြီး (၂၅)နှစ်အကြာတွင် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်သည် ၁၉၉၂ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ Mitre နှင့်လက်တွဲခဲ့ပြီးနောက်၂၀၀၀ ခုနှစ်မှစ၍ Nike နှင့် လက်တွဲခဲ့ခြင်းဖြစ်သည်။
ယခုအခါ Puma နှင့် ပြောင်းလဲလက်တွဲခြင်းဖြစ်ပြီး စာချုပ်သက်တမ်းအတိအကျကို ထုတ်ပြန်ခြင်းမရှိသော်လည်း နှစ်ရှည်စာချုပ်ဖြစ်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
ပရီးမီးယားလိဂ်၏ အမှုဆောင်ချုပ်ဖြစ်သူ ရစ်ချက်မာစတာစ်က ''ပရီးမီးယားလိဂ်မှာ အသုံးပြုမယ့် ဘောလုံးတွေကို Puma က တရားဝင်အထောက်အပံ့ပေးမယ့် အခြေအနေအတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်။ Puma ဆိုတာ ဘောလုံးလောကမှာ ဂုဏ်ယူစရာသမိုင်းကြောင်း ရှိထားတဲ့ ကုမ္ပဏီတစ်ခုပါ။ လာမယ့် နွေရာသီကစပြီး ကျွန်တော်တို့ရဲ့ ပွဲစဉ်တွေအားလုံးမှာ Puma ရဲ့ ဘောလုံးအသစ်ကို အသုံးပြုသွားမှာပါ''ဟု ပြောကြားခဲ့သည်။
Puma သည် လက်ရှိအချိန်တွင် စီးရီးအေနှင့် လာလီဂါပြိုင်ပွဲများ၏ ဘောလုံးစပွန်ဆာအဖြစ် ရပ်တည်လျက်ရှိကြောင်းလည်း သိရသည်။