Eleven Media Group

ယခုရာသီ လိဂ်ဖလားပြိုင်ပွဲ၌ ကွင်းအတွင်း လာရောက်ကြည့်ရှုသည့်ပရိသတ် (၁.၈)သန်းနီးပါးရှိခဲ့ပြီး  (၂၅)နှစ်အတွင်း အများဆုံးအဖြစ် စံချိန်တင်

Photo: Shutterstock

ယခုရာသီ လိဂ်ဖလားပြိုင်ပွဲ၌ ကွင်းအတွင်း လာရောက်ကြည့်ရှုသည့် ပရိသတ် (၁.၈)သန်းနီးပါးရှိခဲ့ပြီး (၂၅)နှစ်အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
လိဂ်ဖလားပြိုင်ပွဲမှာ ပရီးမီးယားလိဂ်နှင့် အင်္ဂလန်လိဂ်ချန်ပီယံရှစ်၊ League One နှင့် League Two မှ စုစုပေါင်း ကလပ်အသင်း (၉၂)သင်း ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဖြစ်ပြီး ပထမအဆင့်မှ နောက်ဆုံးဗိုလ်လုပွဲအထိ စုစုပေါင်း(၉၃)ပွဲ ရှိသည်။
ယခုရာသီ၌ အဆိုပါပွဲစဉ်(၉၃)ပွဲကို ကွင်းအတွင်း လာရောက်ကြည့်ရှုသည့် ပရိသတ်အရေအတွက် (၁၇၉၃၈၇၇) ဦးရှိခဲ့ပြီး တစ်ပွဲပျမ်းမျှပရိသတ် (၁၉၂၈၉)ဦးနှုန်းရှိခဲ့သည်။
အဆိုပါပရိသတ်အရေအတွက်မှာ ပြိုင်ပွဲပုံစံသစ်ပြောင်းလဲခဲ့သည့် ၂၀၀၀-၀၁ ရာသီမှစတွက်ပါက (၂၅)နှစ်အတွင်း ပရိသတ်အများဆုံးအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်ရာသီကထက် ပရိသတ် (၂၀)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းလည်း သိရသည်။
ယခုရာသီ လိဂ်ဖလားဗိုလ်လုပွဲကို ဗြိတိန်တွင် ITV ရုပ်သံမှ အခမဲ့ထုတ်လွှင့်ပြသခဲ့သော်လည်း ဗိုလ်လုပွဲလက်မှတ်အားလုံး ကုန်စင်အောင် ရောင်းချခဲ့ရကြောင်းလည်း သိရသည်။
ဗိုလ်လုပွဲသို့ ပြီးခဲ့သည့်ရာသီ ချန်ပီယံ လီဗာပူးလ်အသင်းနှင့် နယူးကာဆယ်အသင်းတို့ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး နယူးကာဆယ်အသင်းက (၂-၁)ဂိုးဖြင့် အနိုင်ယူကာ လိဂ်ဖလားချန်ပီယံဆုကို အသင်း၏သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ခဲ့သည်။
လီဗာပူးလ်အသင်းက ဗိုလ်စွဲရန် ပိုမိုရေပန်းစားသည့်အသင်း ဖြစ်ခဲ့သော်လည်း နယူးကာဆယ်အသင်းက အံ့အားသင့်ဖွယ် စွမ်းဆောင်ပြနိုင်ခဲ့ခြင်းဖြစ်ပြီး နယူးကာဆယ်ပရိသတ်များက အင်တိုက်အားတိုက် အားပေးခဲ့ကြကြောင်းလည်း သိရသည်။
နယူးကာဆယ်အသင်းခေါင်းဆောင် ဂီမာရေ့စ်ကလည်း မိမိ၏ဘဝ၌ အကောင်းဆုံးနေ့ရက်ဖြစ်ကြောင်းနှင့် အလန်ရှီးယားကဲ့သို့ အသင်း၏ ဂန္ထဝင်ကစားသမား ဖြစ်လိုသည်ဟု ဆိုခဲ့သည်။
''အရာအားလုံးက ပရိသတ်တွေအတွက်ပါ။ ဒါဟာ သူတို့အတွက် ကမ္ဘာ့ဖလားလိုပါပဲ။ ကျွန်တော့်အတွက်လည်း အကောင်းဆုံးနေ့ရက်တစ်ခုဖြစ်ပါတယ်။ ဒီအသင်းကနေ ကျွန်တော်ထွက်ခွာသွားတဲ့အခါ ကျွန်တော့်နာမည်ကို ရှီးယားလိုမျိုး သီချင်းလုပ်ဆိုစေချင်ပါတယ်''ဟု ဂီမာရေ့စ်က ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group