Eleven Media Group

လာလီဂါတွင် ဘာစီလိုနာအသင်း ချန်ပီယံဖြစ်မည်ဟု Opta ၏ စူပါကွန်ပျူတာ ခန့်မှန်း

Photo: FC Barcelona

အချက်အလက်များအပေါ် အခြေခံတွက်ချက်သည့် Opta ၏ စူပါကွန်ပျူတာက ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ဘာစီလိုနာအသင်း ချန်ပီယံဖြစ်မည်ဟု ခန့်မှန်းခဲ့သည်။
ဘာစီလိုနာအသင်းသည် လာလီဂါပွဲစဉ်(၂၈) အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ဂိုးကွာခြားချက်အသာဖြင့် ရပ်တည်လျက်ရှိသည်။
ဒုတိယနေရာမှ ရီးယဲလ်မက်ဒရစ်အသင်းနှင့် ရမှတ်တူညီနေပြီး ဂိုးကွာခြားချက်တွင် (၁၆)ဂိုး အသာရနေခြင်းဖြစ်သည်။
ထို့ပြင် ဘာစီလိုနာအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းထက် တစ်ပွဲလျော့ကစားထားသည့်အတွက် ချန်ပီယံဖြစ်ရန် အလားအလာအကောင်းဆုံးအဖြစ် သတ်မှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
စူပါကွန်ပျူတာက ဘာစီလိုနာအသင်း၏ လာလီဂါချန်ပီယံဖြစ်နိုင်ခြေ အလားအလာမှာ (၆၈.၅%)ရှိသည်ဟု ခန့်မှန်းထားပြီး ရီးယဲလ်မက်ဒရစ်အသင်းမှာ (၂၈.၅%)သာရှိသည်ဟု ခန့်မှန်းထားသည်။
လက်ရှိအချိန်၌ လာလီဂါအမှတ်ပေးဇယားတွင် ၎င်းတို့နှင့် (၄)မှတ်အကွာ တတိယနေရာ၌ ရပ်တည်နေသော အက်သလက်တီကိုအသင်းကိုမူ ချန်ပီယံဖြစ်နိုင်ခြေအလားအလာ (၂.၉%)ရှိသည်ဟု ခန့်မှန်းထားသည်။
စူပါကွန်ပျူတာက ယင်းအသင်း(၃)သင်းမှလွဲ၍ ကျန်သည့်အသင်းများ ချန်ပီယံဖြစ်နိုင်ခြေမရှိဟု ခန့်မှန်းထားကြောင်းလည်း သိရသည်။
စူပါကွန်ပျူတာက လာလီဂါပြိုင်ပွဲမှ တန်းဆင်းရမည့် အသင်း(၃)သင်းအတွက် ခန့်မှန်းရာတွင် လက်ရှိအချိန်၌ အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်နေသည့် ဗယ်လာဒိုလစ်၊ လက်စ်ပါမားစ်နှင့် လီဟာနက်စ်တို့သာ အလားအလာအများဆုံးဟု ခန့်မှန်းထားကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group