
လီဗာပူးလ်အသင်း၏အသင်းခေါင်းဆောင်ဖြစ်သည့် နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဗန်ဒိုက်က ရက်ပိုင်းအတွင်း ဖလားပြိုင်ပွဲနှစ်ခုတွင် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက်တွင် လက်ရှိအခြေအနေအပေါ် သူ၏အမြင်ကို ပြောဆိုခဲ့သည်။
ဗန်ဒိုက်က ''ကျွန်တော်တို့ ဒါကို ပြောင်းလဲပစ်ရမှာပဲ။ ဘောလုံးမှာ အဲဒီအရာကိုလုပ်ဖို့ ကြိုးစားနေရတာလေ။ ၅ ရက်အတွင်း ပြိုင်ပွဲနှစ်ခုမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ရဲ့ကမ္ဘာက နစ်မြုပ်သွားခဲ့သလိုပဲ။ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတော့ အရာရာက နွေးထွေးတဲ့ နေရောင်ခြည်နဲ့ သက်တံ့ကြီးတွေနဲ့ ကမ္ဘာပေါ့။ အခုတော့ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ ရှေ့မဆက်နိုင်တော့ဘူး။ လိဂ်ဖလားပွဲမှာ ရှုံးနိမ့်သွားခဲ့တယ်။ ဒါပေမဲ့ ဒီအခြေအနေတွေကို ကျော်ဖြတ်ပြီး ရှေ့ဆက်သွားဖို့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေ ထူးထူးခြားခြား လိုအပ်နေတယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ ကိုယ့်အလုပ်ကို အကောင်းဆုံး ပြန်လုပ်သွားဖို့ပဲ လိုပါတယ်။ ရာသီအစကဆိုရင် ဒီအခြေအနေရောက်မယ်လို့ တောင် ဘယ်သူမှ မထင်ခဲ့ကြပါဘူး''ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် တစ်ပတ်အတွင်း ချန်ပီယံလိဂ်ဖလားနှင့် လိဂ်ဖလားနှစ်လုံး လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
လီဗာပူးလ်အနေဖြင့် ဖေဖော်ဝါရီလအစောပိုင်းအထိ ဖလားလေးလုံးလမ်းကြောင်းပေါ်တွင် ရှိနေခဲ့သည်။
သို့သော် တစ်လကျော်အတွင်း ယခုရာသီ ရနိုင်ခြေရှိသည့် ဖလားလေးလုံးမှ သုံးလုံးအထိ ဆုံးရှုံးခဲ့ရသည်။
လီဗာပူးလ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်မူ ဒုတိယနေရာမှ အာဆင်နယ်ကို ၁၂ မှတ်ဖြတ်ထားကာ ဗိုလ်စွဲရန် နီးစပ်နေသည်။