
မန်ယူအသင်းလူငယ်နောက်ခံကစားသမား ဟယ်ဗန်၏ခြေချင်းဝတ်ဒဏ်ရာမှာ ရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။
မန်ယူအသင်း၏ ခံစစ်ပိုင်းဒဏ်ရာရစာရင်းတွင် မကြာသေးမီကမှ အသင်းအတွက် စတင်ပွဲထွက်ကစားခွင့်ရပြီး ခြေစွမ်းပြ ကစားလျက်ရှိသည့် လူငယ်ကစားသမား ဟယ်ဗန် ထပ်တိုးလာခဲ့သည်။
အသက် (၁၈)နှစ်သာရှိသေးသည့် အင်္ဂလန်လူငယ်ခံစစ်အတွင်းလူ ဟယ်ဗန်သည် မတ် (၁၆)ရက်က လက်စတာအသင်းအား အဝေးကွင်း၌ အနိုင်ရသည့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းပွဲမှာ ဟယ်ဗန်အတွက် ပရီးမီးယားလိဂ်တွင် ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးကစားခွင့်ရသည့်ပွဲဖြစ်ပြီး လက်စတာအသင်းကစားသမား ဒါကာနှင့် ထိခိုက်မိကာ ဒဏ်ရာရရှိသွားသဖြင့် ငါးမိနစ်ခန့် ဆေးကုသမှုပြုလုပ်ပြီးနောက် ထမ်းစင်ဖြင့်သယ်ထုတ်၍ ဒုတိယပိုင်း (၅၁)မိနစ်တွင် လူစားလဲခဲ့ရသည်။
''ဒီရက်သတ္တပတ်ထဲမှာ စစ်ဆေးရမှာဖြစ်လို့ အခြေအ နေသိရဖို့ မလွယ်သေးပါဘူး။ လဲကျနေတဲ့အချိန်မှာ သူက စကားမပြောနိုင်ခဲ့ဘူး။ သူက ငယ်သေးတော့ ဘယ်လိုခံစား ရလဲဆိုတာ ရှင်းပြဖို့ မသိသေးပါဘူး။ သူက အာဆင်နယ်၊ ရီး ယဲလ်ဆိုစီဒက်တို့နဲ့ပွဲတွေမှာ ကောင်းကောင်းကစားနိုင်ခဲ့ တယ်။ ဒီနေ့ကတော့ သူ့အတွက် အခက်ခဲဆုံးပွဲ ဖြစ်မှာပါ''ဟု မန်ယူအသင်းနည်းပြ အာမိုရင်မ်က ပြောကြားသည်။
ဟယ်ဗန်သည် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းမှ မန်ယူအသင်းသို့ ပေါင်တစ်သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။
သူသည် အာဆင်နယ်အသင်းအတွက် လူငယ်အသင်းပွဲစဉ်များတွင် ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း အသင်းကြီးအတွက် ကစားခွင့်ရရန် မျှော်လင့်ချက်မရှိ ဖြစ်နေသည့်အနေအထားတွင် မန်ယူအသင်းထံသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းတွင် စီနီယာပွဲစဉ် (၄)ပွဲအထိ ကစားခွင့်ရထားပြီး လက်စတာနှင့်ပွဲစဉ်မှာ ၎င်းအတွက် ပထမဆုံးပရီးမီးယားလိဂ် ပွဲဦးထွက်ခွင့်ရခြင်းလည်းဖြစ်သည်။
၎င်း၏ဒဏ်ရာသတင်းမှာ လီဆန်ဒရိုမာတီနက်ဇ်၊ လုခ်ရှော၊ ယိုဟို၊ မက်ဂွိုင်းရား၊ အီဗန်စ်၊ ဒေါ်ဂူ (ပွဲပယ်)တို့ မပါဝင်နိုင်သည့် မန်ယူခံစစ်ပိုင်းအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့သည်။