
၂၀၂၄-၂၀၂၅ ရာသီ MFF ဖူဆယ်လိဂ် -၁ ပြိုင်ပွဲရာသီ ပြီးဆုံးခဲ့ပြီး MIU အသင်း ရှုံးပွဲမရှိချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
MIU အသင်းသည် လက်ကျန်နှစ်ပွဲအလိုကတည်းက ချန်ပီယံဖြစ်ထားပြီး လက်ကျန်ပွဲတွင်လည်း နိုင်ပွဲရရှိအောင် ကစားနိုင်သဖြင့် ရှုံးပွဲမရှိစံချိန်နှင့်အတူ ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
MIU အသင်းသည် နှစ်ရာသီဆက်တိုက် ဆုဖလားနှင့် ဝေးကွာနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ချန်ပီယံဆုဖလား ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရာသီကြိုပြင်ဆင်မှုများစွာ ပြုလုပ်ထားသည့် MH Dream Team အသင်းက ဒုတိယနှင့် YRG အသင်းက တတိယနေရာရခဲ့ပြီး နှစ်ရာသီဆက်ချန်ပီယံဖြစ်ခဲ့သော VUC အသင်းသည် ပြည်တွင်းအမာခံကစားသမားအများစု ထွက်ခွာခွင့်ပြုကာ သွေးသစ်လောင်းထားသဖြင့် ချန်ပီယံဆု လက်လွှတ်ခဲ့ရသည့်အပြင် စတုတ္ထနေရာသာ ရခဲ့သည်။
ဆုချီးမြှင့်ပွဲတွင် MIU အသင်းက တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးကျပ်သိန်း (၁၅၀) နှင့် ချန်ပီယံဆုဖလား၊ ဒုတိယဆုရ MH Dream Team အသင်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ် သိန်း (၁၀၀)၊ တတိယဆုရ YRG အသင်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးကျပ်သိန်း (၅၀)၊ စတုတ္ထဆုရ VUC အသင်းက ဆုကြေးကျပ်သိန်း (၃၀) ရရှိသည်။
ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို MH Dream Team အသင်းမှ ငြိမ်းမင်းစိုးက ရရှိပြီး အကောင်းဆုံးဂိုးသမားဆုကို MIU အသင်းမှ မိုင်စိုးမြတ်ထွေးက ရရှိသည်။
အသန့်ရှင်းဆုံးအသင်းဆုကို Generations အသင်းက ရရှိပြီး အကောင်းဆုံးဆုနှင့် အသန့်ရှင်းဆုံးအသင်းဆု ရရှိသူများကို ဆုနှင့် ဆုကြေးကျပ် (၅)သိန်းစီ ချီးမြှင့်သည်။
ယခုရာသီ MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲကို ယခင်ပြိုင်ပွဲပုံစံဟောင်းဖြင့် ပြန်လည်ကျင်းပခဲ့ပြီး နှစ်ကျော့အပြီးတွင် အမှတ်အများဆုံးရရှိသည့်အသင်းက ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။
ယခင်က နှစ်ကျော့အပြီးတွင် အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံး (၃)သင်းမှာ ချန်ပီယံဆုအတွက် Play-off ပြန်လည်ကစားရပြီး ထိပ်ဆုံးအသင်းမှာ ဗိုလ်လုပွဲသာ ကစားရခြင်းဖြစ်သည်။