Eleven Media Group

အရေးပါသည့်ခြေစစ်ပွဲများကို လွဲချော်မှုအတွက် များစွာဝမ်းနည်းမိကြောင်း မက်ဆီ ပြောကြား

Photo: X

အာဂျင်တီးနားလက်ရွေးစင်အသင်း ခေါင်းဆောင်ဖြစ်သူ မက်ဆီက လာမည့်ကမ္ဘာ့ ဖလားခြေစစ်ပွဲများကို ဒဏ်ရာကြောင့် လွဲချော်ခဲ့မှုအတွက် များစွာဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။

မက်ဆီသည် ကြွက်သားဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်၍ အင်တာမိုင်ယာမီအသင်းအတွက် ကစားပေးနိုင်ပြီဖြစ်သော်လည်း မတ် ၁၆ ရက်က အတ္တလန်တာယူနိုက်တက်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသေးစားကြွက်သားဒဏ်ရာ ထပ်မံရရှိခဲ့သဖြင့် အာဂျင်တီးနားလူစာရင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း အသင်းမှ တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ မက်ဆီကလည်း သူ၏ Instagram စာမျက်နှာမှတစ်ဆင့် နုတ်ထွက်ရသည့်အကြောင်းရင်းကို ပြောကြားခဲ့သည်။

"ဥရုဂွေး၊ ဘရာဇီးလ်အသင်းတို့နဲ့ ကစားမယ့် နိုင်ငံလက်ရွေးစင်အသင်းရဲ့ ဒီလိုအရေးကြီးပွဲတွေကို လွဲချော်ရလို့ များစွာစိတ်ပျက်ဝမ်းနည်းမိပါတယ်။ ကျွန်တော် အမှန်တကယ် ကစားချင်တာပါ။ အသေးစားဒဏ်ရာက ကျွန်တော့်ကို အနည်းငယ်အနားယူဖို့ လိုအပ်စေပါတယ်။ ဒါကြောင့် ကျွန်တော် အဲဒီကို မသွားနိုင်ပါဘူး။ ဒီကနေပြီး တခြားပရိသတ်တွေလို အားပေးပြီး အောင်ပွဲခံသွားမှာပါ။ ဆက်သွားရအောင်၊ အာဂျင်တီးနား"ဟု မက်ဆီက Instagram တွင် ရေးသားခဲ့သည်။

အာဂျင်တီးနားအသင်းသည် လာမည့် နိုင်ငံတကာရက်သတ္တပတ်၌ မတ် ၂၁ ရက်တွင် ဥရုဂွေးအသင်း၊ မတ် ၂၅ ရက်တွင် ဘရာဇီးလ်အသင်းများနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အာဂျင်တီးနားအသင်းသည် တောင်အမေရိကဇုန်တွင် ၂၅ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဒုတိယနေရာမှ ဥရုဂွေးအသင်းကို ငါးမှတ်ဖြတ်ထားသည်။

မူရင်းသတင်း — Eleven Media Group