Eleven Media Group

ရက်ကလစ်ဖ်နှင့် မန်ယူအသင်းပိုင်ရှင်များသည် တောင်းရမ်းနေသကဲ့သို့ဖြစ်နေကြောင်း ပေါလ်စခိုးလ် ပြင်းထန်စွာဝေဖန်

Photo: X

မန်ယူအသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နှင့် အသင်းပိုင်ရှင်များသည် ပေါင်နှစ်ဘီလျံဘောလုံးကွင်း တည်ဆောက်ရာ၌ ဘဏ္ဍာငွေရှာဖွေရာတွင် တောင်းရမ်းနေသည့်ပုံနှင့် အနည်းငယ်တူနေကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

Sky Bet က The Overlap Fan Debate တွင် ပေါလ်စခိုးလ်က မန်ယူ အသင်းပရိသတ်များသည် ယုံလွယ်သူများ မဟုတ်ကြောင်း အသင်းပိုင်ရှင်များအား သတိပေးခဲ့သည်။

မန်ယူအသင်းသည် လာမည့်ရာသီ၌ လက်မှတ်ဈေးနှုန်း ထပ်မံမြှင့်တင်သွားမည် ဖြစ်ကြောင်း တနင်္လာနေ့တွင် အတည်ပြုကြေညာခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် ရာသီဝက်ကာလအတွင်း လက်မှတ်ဈေးနှုန်း မြှင့်တင်မှုကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း လာမည့်ရာသီ၌ တစ်ရာသီစာလက်မှတ်ဈေးနှုန်းများကို ငါးရာခိုင်နှုန်းဝန်းကျင် မြှင့်တင်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ၁၆ နှစ်အောက် ပရိသတ်များအတွက် လက်မှတ်ဈေးနှုန်းကို မြှင့်တင်ခြင်း မပြုသော်လည်း ကျန်လက်မှတ်ဈေးနှုန်းများကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း အမှုဆောင်ချုပ် ဘယ်ရာဒါက ပြောကြားခဲ့သည်။

လက်မှတ်ဈေးနှုန်း တိုးမြှင့်မှုအတွက် မန်ယူအသင်းအားပေးသူများအဖွဲ့အစည်း (MUST) ကလည်း ယင်းလုပ်ရပ် အတွက် လုံးဝစိတ်ပျက်မိကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် MUST က မန်ယူအသင်းနှင့် လက်မှတ်ဈေးနှုန်းတည်ငြိမ်ရေးတွေ့ဆုံရန် ကြိုးပမ်းမှုကိုလည်း လက်မခံခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group