
အိုင်ယာလန်နာမည်ကြီး MMA ကစားသမား မက်ဂရီဂေါ်နှင့် သူ၏မိသားစုသည် မတ် ၁၇ ရက်က အိမ်ဖြူတော်သို့ သွားရောက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မက်ဂရီဂေါ်အနေဖြင့် အီလွန်မက်ခ်အပြင် ဒေါ်နယ်ထရမ့်၏ ရုံးအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်အပတ် အိုင်ယာလန်ဝန်ကြီးချုပ် မိုက်ကယ်မာတင်နှင့် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် တွေ့ဆုံခဲ့ပြီး ယခု အိုင်ယာလန်၌ လူသိများကျော်ကြားသူ မက်ဂရီဂေါ်ကို အိမ်ဖြူတော်သို့ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
မက်ဂရီဂေါ်အနေဖြင့် သမ္မတ ဒေါ်နယ်ထရမ့်နှင့် မတွေ့ဆုံမီ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲခန်းမတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ယင်းသို့ဖြေကြားရာတွင် မက်ဂရီဂေါ်က အိုင်ယာလန်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။
''ကျွန်တော်တို့ရဲ့အစိုးရဟာ အိုင်ယာလန်ပြည်သူတွေရဲ့အသံကို ပိတ်ပင်ထားခဲ့တာ အတော်ကြာခဲ့ပါပြီ။ တရားမဝင် နိုင်ငံဖြတ်ကျော်တဲ့လုပ်ငန်းဟာ အိုင်ယာလန်မှာ ဆိုးဆိုးရွားရွား လည်ပတ်နေပါတယ်''ဟု မက်ဂရီဂေါ်က ပြောကြားခဲ့သည်။
အိုင်ယာလန်နိုင်ငံသည် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို လက်ခံကြိုဆိုသည့် နိုင်ငံအဖြစ် ဂုဏ်ယူစရာဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်း နိုင်ငံရေးခိုလှုံသူ အလွန်များပြားလာခြင်းကြောင့် အစိုးရအနေဖြင့် ခေါင်းခဲစရာ ဖြစ်လာခဲ့သည်။
ယင်းပြဿနာကို နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုအဖြစ် ဆွဲတင်ခဲ့ပြီး နိုင်ငံအနှံ့အပြားရှိ ဒုက္ခသည်များ နေထိုင်ရာ၌ ဆန့်ကျင်ဆန္ဒပြပွဲများ ပေါ်ပေါက်သည်အထိ ဖြစ်ခဲ့သည်။
မက်ဂရီဂေါ်၏ပြောကြားမှုနှင့်ပတ်သက်ပြီး အိမ်ဖြူတော်ဘက်မှ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။
အိုင်ယာလန်ဝန်ကြီးချုပ် မိုက်ကယ်မာတင်က မက်ဂရီဂေါ်၏မှတ်ချက်စကားများကို ပြစ်တင်ရှုတ်ချခဲ့သည်။
''ကွန်နာမက်ဂရီ ဂေါ်ရဲ့ မှတ်ချက်စကားတွေက အမှားတွေပါ။ St.Patrick Day ရဲ့အနှစ်သာရနဲ့ အိုင်ယာလန်ပြည်သူတွေရဲ့ အမြင်ကို ရောင်ပြန်မဟပ်ပါဘူး''ဟု ပြီးခဲ့သည့်နိုဝင်ဘာလကမှ ပြန်လည်ရွေးကောက်တင်မြှောက်ခံထားရသူ မိုက်ကယ်မာတင်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။
အိုင်ယာလန် ဒုဝန်ကြီးချုပ်ဖြစ်သူ ဆီမွန်ဟာရစ်ကလည်း မက်ဂရီဂေါ်သည် အိုင်ယာလန်ကိုယ်စားပြုပြီး အိမ်ဖြူတော်သို့ သွားရောက်ခြင်းမဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။