Eleven Media Group

■ တစ်ဦးအပေါ်တစ်ဦး အလွန်ရိုးသားပြီး ညီအစ်ကိုလို ဆက်ဆံကြရန် အင်္ဂလန်ကစားသမားများကို အသင်းနည်းပြ တူဟယ်လ် တိုက်တွန်း

Photo: AFP

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က အသင်းကစားသမားများ တစ်ဦးအပေါ်တစ်ဦး အလွန်ရိုးသားကြရန်နှင့် ညီအစ်ကိုလို ဆက်ဆံကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ဂျာမန်လူမျိုးနည်းပြ တူဟယ်လ်သည် မတ်လ (၁၇) ရက် (တနင်္လာနေ့)ညတွင် အင်္ဂလန်ကစားသမားများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး အမေရိကန်အားကစားမှ ဆက်ဆံရေးအတိုင်း ပေါင်းသင်းဆက်ဆံကြရန် အသင်းကစားသမားများကို တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

တူဟယ်လ်သည် မတ်လ (၂၁) ရက်(သောကြာနေ့)တွင် အယ်လ်ဘေးနီးယားအသင်းနှင့် ကစားမည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အင်္ဂလန်နည်းပြအဖြစ် စတင်ကိုင်တွယ်မည်ဖြစ်သည်။

၎င်းသည် အင်္ဂလန်ကစားသမားများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် ကစားပုံအကြောင်းထက် အသင်းကစားသမားများအချင်းချင်း စည်းလုံးညီညွှတ်ကြရန် တိုက်တွန်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်အသင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသည့် နယူးကာဆယ်နောက်ခံကစားသမား ဒန်ဘန်းက ''ကမ္ဘာ့ဖလားမတိုင်မီ ကျွန်တော်တို့ လေ့ကျင့်ဖို့ (၂၄) ရက်ပဲ အချိန်ရမယ်လို့ နည်းပြက ပြောခဲ့ပါတယ်။ ဒါက သိပ်မများပါဘူး။ ပထမဆုံးအကြိမ်တွေ့ဆုံမှုက သူက ဘယ်လိုကစားရမယ်ဆိုတာကို မပြောဘဲ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ပြောပြခဲ့တာပါ။ သူက ကျွန်တော်တို့ကို အချင်းချင်းရိုးသားပွင့်လင်းပြီး ညီအစ်ကိုလို ဆက်ဆံကြဖို့ တိုက်တွန်းခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဒန်ဘန်းက အသင်းနည်းပြ တူဟယ်လ်အနေဖြင့် ၎င်းတို့ကစားသမားများကို အမေရိကန် NBA မှ ကစားသမားများအတိုင်း ပြုမူဆက်ဆံကြရန်လည်း အလိုရှိနေကြောင်း ပြောကြားခဲ့သည်။

အင်္ဂလန်လက်ရွေးစင်အသင်းသည် ၁၉၆၆ ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲပြီးနောက် အဓိကပြိုင်ပွဲများတွင် ဗိုလ်စွဲနိုင်ခြင်းမရှိတော့ပေ။

ထို့ကြောင့် တူဟယ်လ်သည် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းကို အောင်မြင်မှုရအောင် စွမ်းဆောင်ပေးရန် စိတ်အားထက်သန်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group