
ဆော်ဒီပရိုလိဂ်၏ အထွေထွေမန်နေဂျာဖြစ်သူ ဘက်စ်ရာဝီက လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာအား ဆော်ဒီသို့ ပြောင်းရွှေ့လာစေလိုကြောင်း ပြောကြားခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိ အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဆာလာသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် ဆာလာအား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေသော်လည်း အဆင်မပြေသေးဘဲ ကစားသမားကိုယ်တိုင်က အသင်းတွင် ဆက်နေရန်ထက် ထွက်ခွာရန် ပိုများနေကြောင်း ပြောကြားထားသည်။
ဆော်ဒီပရိုလိဂ်ကလပ်များသည် ဆာလာအား ခေါ်ယူရန် ကြိုးပမ်းနေပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကလည်း လစာငွေများစွာဖြင့် ကမ်းလှမ်းခဲ့ဖူးကြောင်း သိရှိရသည်။
ယခုအခါ ဆော်ဒီပရိုလိဂ်အထွေထွေမန်နေဂျာ ဘက်စ်ရာဝီက ဆာလာအား ဆော်ဒီသို့ လာရောက်ကစားစေလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘက်စ်ရာဝီက ''ဆာလာက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး အာရပ်ကွန်မြူနတီမှာလည်း ချစ်ခင်နှစ်သက်မှုကို အခံရဆုံးသူ ဖြစ်ပါတယ်။ သူ ဒီ(ဆော်ဒီ)ကိုလာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူ့အတွက် တံခါးတွေကိုလည်း ကျွန်တော်တို့ ဖွင့်ထားပါတယ်။ ဒါပေမဲ့ သူ ဆွေးနွေးတာမျိုးတော့ မရှိသေးပါဘူး။ အခုအချိန်မှာ ဘာမှမပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ရဲ့အလုပ်က ဆော်ဒီပရိုလိဂ်ကို ပိုကောင်းအောင်လုပ်ဖို့ပါ''ဟု ပြောကြားခဲ့သည်။