
နယူးကာဆယ်အသင်း၏ဥက္ကဋ္ဌဖြစ်သူ အယ်လ်ရူမေယန်က လာမည့်နွေတွင် အသင်းတိုက်စစ်မှူး အီဆက်ခ်အား ရောင်းထုတ်ခြင်းမပြုရန် အသင်းတာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း သိရသည်။
အယ်ရူမေယန်သည် နယူးကာဆယ်အသင်းကို ပိုင်ဆိုင်သည့် PIF ၏အကြီးအကဲဖြစ်သလို၊ နယူးကာဆယ်အသင်း၏ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်နေသူဖြစ်သည်။
၎င်းသည် လီဗာပူးလ်အသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည့် နယူးကာဆယ်အသင်း၏ လိဂ်ဖလားဗိုလ်လုပွဲကို လာရောက်ကြည့်ရှုခဲ့ပြီး အသင်း၏ အောင်ပွဲခံပါတီကိုလည်း ဆင်နွှဲခဲ့ကြောင်း သိရသည်။
အယ်ရူမေယန်သည် နယူးကာဆယ်ကစားသမားများထဲတွင် အီဆက်ခ်ကို အနှစ်သက်ဆုံးဖြစ်ပြီး ၎င်းကို အသင်းတွင် ဆက်ထိန်းထားရန် အသင်းတာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
အသက် (၂၅) နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်သည် ယခုရာသီ ပြိုင်ပွဲစုံ (၂၃) ဂိုးအထိ သွင်းယူထားသည်။
ထို့ကြောင့် ၎င်းကိုခေါ်ယူရန် အာဆင်နယ်၊ လီဗာပူးလ်အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေသည်။
သို့သော် အသင်းနှင့် ၂၀၂၈ အထိ စာချုပ်သက်တမ်းရှိနေသည့် အီဆက်ခ်အား အသင်း၌ဆက်ထိန်းရန် အယ်ရူမေယန်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။