
မန်ယူအသင်းသည် လာမည့်နွေတွင် အသင်းလူငယ်ကစားသမား မိန်နူးအား ရောင်းထုတ်မည်ဟု သတင်းထွက်ပေါ်နေသည်။
မန်ယူအသင်းသည် ဘဏ္ဍာရေးပြဿာနာနှင့် ပရီးမီးယားလိဂ်၏ PSR စည်းမျဉ်းတို့ကြောင့် လာမည့်နွေရာသီတွင် ကစားသမားသစ်များ ခေါ်ယူမည်ဆိုပါက အသင်းရှိကစားသမားများကို အရင်ရောင်းထုတ်ရမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် လာမည့်နွေရာသီတွင် အငှားချထားသည့် ရပ်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဆန်ချိုတို့အပြင် ကက်စီမီရိုကိုပါ ရောင်းထုတ်ရန် စီစဉ်နေပြီး အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးကြမည့် အဲရစ်ဆင်နှင့် လင်ဒီလော့ဖ်တို့ကိုလည်း ထွက်ခွာခွင့်ပေးဖွယ်ရှိ ကြောင်း သိရသည်။
သို့သော် မန်ယူအသင်းသည် ကစားသမားသစ်များ ခေါ်ယူနိုင်ရန်အတွက် ရန်ပုံငွေပိုမိုရရှိရန် အသင်းငယ်မွေးခြံပေါက်ကစားသမား မိန်နူးကိုပါ ရောင်းထုတ်မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
အသက် (၁၉) နှစ်အရွယ်ရှိ အင်္ဂလန်လူငယ်ကစားသမား မိန်နူးသည် မန်ယူ အသင်းနှင့် ၂၀၂၇ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရန်အတွက် တစ်ပတ်လစာ ပေါင် (၁၅၀၀၀၀) တောင်းဆိုထားကြောင်း သိရှိရသည်။
လက်ရှိတွင် မိန်နူးအား ခေါ်ယူရန် မန်ယူအသင်း၏ ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းက စိတ်ဝင်စားနေသလို၊ ဥရောပထိပ်တန်းအသင်းအချို့ကလည်း အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရှိရသည်။