
ဘာစီလိုနာတိုက်စစ်ကစားသမား ယမားလ်က ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မိမိတို့အသင်းသည် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုရာသီတွင် ခြေစွမ်းပြနေပြီး တစ်ပွဲလျှင် ပျမ်းမျှ (၃)ဂိုးနှုန်းအထက် သွင်းယူထားသည်။ ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်ကို တက်ရောက်ထားပြီး ဂျာမန်ကလပ် ဒေါ့မွန်အသင်းနှင့် တွေ့ဆုံနေသည်။
ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ် များအပြီးတွင် ရေပန်းအစားဆုံး လီဗာပူးလ်အသင်း ပြိုင်ပွဲမှ ထွက်ခွာခဲ့ရရာ ဘာစီလိုနာအသင်းသည် ဗိုလ်စွဲရန် ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း သိရှိရသည်။
ယခုအခါ ယမားလ်က "ကျွန်တော်တို့အသင်းက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ အုပ်စုအဆင့်ပြီးတဲ့အချိန်မှာ လီဗာပူးလ်အသင်းက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က အုပ်စုအဆင့်မှ နံပါတ် (၁) ရခဲ့လို့ပါ။ အခု သူတို့ ပြုတ်သွားပြီဆိုတော့ ကျွန်တော်တို့က ရေပန်းအစားဆုံးပါ"ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၂၀၁၄-၁၅ ရာသီက နောက်ဆုံးအကြိမ်ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။