Eleven Media Group

ဇီဒန်းသာ ပြင်သစ်အသင်းနည်းပြဖြစ်လာပါက အလွန်ပျော်ရွှင်ရမည်ဟု ဘာပေ ပြောကြား

Photo: X

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေက ရီးယဲလ်နည်းပြဟောင်း ဇီဒန်းသာ ပြင်သစ်လက်ရွေးစင်အသင်း နည်းပြဖြစ်လာမည်ဆိုပါက မိမိအနေဖြင့် အလွန်ပျော်ရွှင်ရမည်ဟု ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းသည် ၂၀၂၆ ကမ္ဘာ့ဖလားအပြီးတွင် ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်၏နေရာကို ဆက်ခံရန် ရေပန်းအစားဆုံးဖြစ်နေသည်။

ပြင်သစ်သက်တော်ရှည်နည်းပြ ဒေးရွှမ့်သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အသင်းနည်းပြရာထူးမှ ထွက်ခွာမည်ဖြစ်ကြောင်း အတည်ပြုထားသည်။

ယခုအခါ TF1 သတင်းထောက်က ပြင်သစ်လက်ရွေးစင်နည်းပြ ဒေးရွှမ့်၏နေရာကို ဇီဒန်းသာ ဆက်ခံမည်ဆိုပါက ပျော်ရွှင်မည်လားဟု မေးမြန်းခဲ့ရာ ဘာပေက ဟုတ်မှန်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘာပေက "(ဒေးရွှမ့်နေရာ ဆက်ခံမယ့်သူကို) ကျွန်တော် ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကျွန်တော် အများကြီး မပြောချင်ပါဘူး။ ဒါက ကျွန်တော့်အလုပ်လည်း မဟုတ်ပါဘူး။ ပြီးတော့ ဒီမှာ နည်းပြလည်း ရှိနေပါတယ်။ ဒီမှာ ရှိနေတဲ့လူတွေကို ကျွန်တော်တို့ လေးစားမှု ရှိရမှာပါ။ ဇီဒန်းကို ကျွန်တော် ဘယ်လောက်ချစ်တယ်ဆိုတာ လူတိုင်း သိပါတယ်။ တကယ်လို့ ဇီဒန်းသာ ပြင်သစ်နည်းပြဖြစ်လာမယ်ဆိုရင် အရမ်းကောင်းမှာပါ။ ဇီဒန်းသာ ပြင်သစ်နည်းပြ ဖြစ်လာမယ်ဆိုရင် ကျွန်တော် အရမ်းပျော်ရွှင်ရမှာပါ။ ဒါပေမဲ့ ဒါက ကျွန်တော် ဆုံးဖြတ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group