Eleven Media Group

ကြယ်ပွင့်အသစ်ဆီသို့ စတင်ခြင်း

Photo: X

အင်္ဂလန်လက်ရွေးစင်ကစားသမားတွေနဲ့ ပထမဆုံးတွေ့ဆုံချိန်မှာ နည်းပြ သောမတ်စ်တူဟယ်လ် ပြောကြားခဲ့တာကတော့ "ကျွန်တော် ဒီကိုရောက်လာတာ အသင်းရဲ့ဂျာစီပေါ်မှာ နောက်ထပ်ကြယ်တစ်ပွင့် တပ်ဆင်ပေးဖို့ပါ" ဆိုတဲ့ စကားပါပဲ။ အင်္ဂလန်လက်ရွေးစင်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဆင်နွှဲရမယ့်အချိန် ဖြစ်တာကြောင့် သောမတ်စ်တူဟယ်လ်က ချိန်သားကိုက်စကားကို ပြောကြားခြင်းလို့လည်း မှတ်ယူနိုင်ပါတယ်။ ဒါပေမဲ့ တစ်ကြိမ်တစ်ခါတည်းသော ကမ္ဘာ့ဖလားချန်ပီယံဆုကို ၁၉၆၆ ခုနှစ်မှာ ရယူနိုင်ခဲ့ပြီးကတည်းက ဆုဖလားနဲ့ ဝေးကွာနေခဲ့တဲ့ အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားချန်ပီယံဆုဆိုတာ အလိုချင်ဆုံးသော ဆုဖလားအောင်ပွဲဖြစ်နေမှာ သေချာပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားတွေနဲ့ ပထမဆုံးတွေ့ဆုံချိန်မှာ နည်းပြ သောမတ်စ်တူဟယ်လ် ပြောကြားခဲ့တာကတော့ "ကျွန်တော် ဒီကိုရောက်လာတာ အသင်းရဲ့ဂျာစီပေါ်မှာ နောက်ထပ်ကြယ်တစ်ပွင့် တပ်ဆင်ပေးဖို့ပါ" ဆိုတဲ့ စကားပါပဲ။ အင်္ဂလန်လက်ရွေးစင်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဆင်နွှဲရမယ့်အချိန် ဖြစ်တာကြောင့် သောမတ်စ်တူဟယ်လ်က ချိန်သားကိုက်စကားကို ပြောကြားခြင်းလို့လည်း မှတ်ယူနိုင်ပါတယ်။ ဒါပေမဲ့ တစ်ကြိမ်တစ်ခါတည်းသော ကမ္ဘာ့ဖလားချန်ပီယံဆုကို ၁၉၆၆ ခုနှစ်မှာ ရယူနိုင်ခဲ့ပြီးကတည်းက ဆုဖလားနဲ့ ဝေးကွာနေခဲ့တဲ့ အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားချန်ပီယံဆုဆိုတာ အလိုချင်ဆုံးသော ဆုဖလားအောင်ပွဲဖြစ်နေမှာ သေချာပါတယ်။ နောက်ထပ်ကြယ်ပွင့်ဆိုတာက နောက်ထပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ရည်ညွှန်းတာပါ။ လက်ရွေးစင်ဘောလုံးအသင်းတွေရဲ့ အင်္ကျီရင်ဘတ် အသင်းအမှတ်တံဆိပ်အထက်က ကြယ်ပွင့်အမှတ်အသားဟာ ကမ္ဘာ့ဖလားရဖူးတဲ့ အသင်းတွေသာ တပ်ဆင်ခွင့်ရတာပါ။ ကမ္ဘာ့ဖလား ချန်ပီယံဆု (၅)ကြိမ်ရရှိထားတဲ့ အအောင်မြင်ဆုံး ဘရာဇီးလ်အသင်းက ကြယ်(၅)ပွင့် တပ်ဆင်ခွင့် ရရှိထားပြီး ဂျာမနီနဲ့ အီတလီက ကြယ်(၄)ပွင့်စီ တပ်ဆင်ခွင့်ရထားပါတယ်။ အင်္ဂလန်ကတော့ ကြယ်တစ်ပွင့်သာ တပ်ဆင်ခွင့်ရထားတာကြောင့် သောမတ်စ်တူဟယ်လ်က နောက်ထပ်ကြယ်တစ်ပွင့် တပ်ဆင်ခွင့်ရဖို့ ဦးတည်ချက်ထားထားကြောင်း ပြောကြားခဲ့တာပါ။ ပြောသလိုဖြစ်အောင် လုပ်နိုင်မလားဆိုတာကိုတော့ အချိန်ကပဲ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပြီး ၂၀၂၅ မတ်လကတော့ သောမတ်စ်တူဟယ်လ်ရဲ့ ကြယ်ပွင့်အသစ်ဆီသို့ ခြေလှမ်းစတင်ခြင်းလို့ သတ်မှတ်ရမှာပါ။

တတိယမြောက် ပြည်ပနည်းပြ
အင်္ဂလန်လက်ရွေးစင်အသင်းက နည်းပြဟောင်း ဆောက်ဂိတ်ရဲ့လက်ထက်မှာ ဆုဖလား အောင်ပွဲ ရရှိလုနီးပါးဖြစ်ခဲ့ပေမဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်မလှမ်းနိုင်ခဲ့တာကြောင့် နည်းပြအပြောင်းအလဲလုပ်ခဲ့ရတာပါ။ နှစ်ဖက်သဘောတူ ညီမှုနဲ့ လမ်းခွဲတာပဲဖြစ်ဖြစ်၊ ဆောက်ဂိတ်ဘက်က နုတ်ထွက်တာပဲဖြစ်ဖြစ် သေချာတာကတော့ အပြောင်းအလဲလုပ်ဖို့ လိုအပ်တဲ့အချိန်အခါ ဖြစ်လာတာပါပဲ။ ဆောက်ဂိတ်က အရင့်အရင် ကိုင်တွယ်ခဲ့တဲ့ နည်းပြအဆက်ဆက်ထက် ဆုဖလားနဲ့ နီးစပ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်ဆိုပေမဲ့ နောက်ဆုံးအဖြေကတော့ Nation League မှာ တောင် ဆုဖလားမရခဲ့ပါဘူး။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ စတုတ္ထနေရာ၊ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်၊ ယူရို-၂၀၂၀ နဲ့ ယူရို-၂၀၂၄ မှာ ဗိုလ်လုပွဲ၊ ၂၀၁၉ Nation League မှာ တတိယသာ ရရှိခဲ့တာပါ။ ဒါကြောင့် အင်္ဂလန်ပရိသတ်တွေကို မျှော်လင့်ချက်သာ ပေးနိုင်ခဲ့ပြီး ဆန္ဒပြည့်ဝအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ပဲ ဆိုရမှာပါ။ ဒီလိုနဲ့ပဲ အင်္ဂလန်နည်းပြရာထူးက ဂျာမန်နည်းပြ သောမတ်စ်တူဟယ်လ်ရဲ့ လက်ထဲ ရောက်လာခဲ့ပါတယ်။ သော မတ်စ်တူဟယ်လ်က အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရတဲ့ တတိယမြောက် ပြည်ပနည်းပြ ဖြစ်လာခဲ့ပါတယ်။ ဒီမှတ်တမ်းက သိပ်တော့ မထူးခြားပါဘူး။ ဘောလုံးဘိုးအေလို့ သတ်မှတ်ခံထားရတဲ့နိုင်ငံဖြစ်တာကြောင့် ပြည်ပနည်းပြတွေ ခန့်အပ်ရတယ်ဆိုတာကပဲ သိက္ခာပွန်းပဲ့စရာဖြစ်နေပါပြီ။ ဒါပေမဲ့ အရည်အသွေးမြင့် အင်္ဂလန်နည်းပြဆိုတာကလည်း ရှားပါးပစ္စည်းလိုဖြစ်နေပါတယ်။ လက်ရှိပရီးမီးယားလိဂ်မှာ ကိုင်တွယ်ခွင့်ရတဲ့ အင်္ဂလန်နည်းပြတောင် အက်ဒီဟောင်းနဲ့ ဂရေဟမ်ပေါ် တာ နှစ်ယောက်ပဲ ရှိပါတယ်။ ဒါကြောင့်လည်း အင်္ဂလန်ဘောလုံးလောကနဲ့ အကျွမ်းတဝင်ရှိပြီးသားဖြစ်တဲ့ ချယ်လ်ဆီးနည်းပြဟောင်း သောမတ်စ်တူဟယ်လ်ကို ခန့်အပ်ခဲ့တာပါ။ ဟိုတုန်းကတော့ အင်္ဂလန်မှာ အဲလ်ဖ်ရမ်ဆေး၊ ဘော်ဘီရော့ဘ်ဆင်၊ တယ်ရီဗာနေဘယ်လ်တို့လို ထိတ်ထိတ်ကြဲနည်းပြတွေ ရှိခဲ့ဖူးပါတယ်။ အဲလ်ဖ်ရမ်ဆေးက ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူပေးခဲ့သူပါ။ ဒါပေမဲ့ သူ့ နောက်ပိုင်းမှာတော့ ဘော်ဘီရော့ဘ်ဆင်လက်ထက်က ၁၉၉၀ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ် ရောက်ရှိတာကသာ အမြင့်ဆုံးအောင်မြင်မှု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၁ ခုနှစ်မှာတော့ ဆွီဒင်နည်းပြ ဆဗန်ဂိုရန်အဲရစ်ဆင်ကို ပထမဆုံးပြည်ပ နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲရစ်ဆင်လက်ထက်မှာလည်း ကမ္ဘာ့ဖလားမှာရော ယူရိုမှာပါ ကွာတားဖိုင်နယ်အဆင့်ထက် ပိုမရောက်ခဲ့ပါဘူး။ အဲဒီနောက် ၂၀၀၈ ခုနှစ်မှာ အီတလီနည်းပြ ကာပယ်လိုကို ဒုတိယမြောက် ပြည်ပနည်းပြအဖြစ် ခန့်အပ်ခဲ့ပြန်ပါတယ်။ ကာပယ်လိုလက်ထက် ၂၀၁၀ ကမ္ဘာ့ဖလားမှာလည်း ရှုံးထွက်(၁၆)သင်းအဆင့်ပဲ ရောက်ရှိခဲ့ပါတယ်။ ပြည်ပနည်းပြနှစ်ဦးစလုံး မျှော်လင့်သလို မဖြစ်ခဲ့တာကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပြည်တွင်းဖြစ်နည်းပြတွေဘက် ပြန်လှည့်သွားခဲ့ပြီးမှ အခု တတိယမြောက်ပြည်ပနည်းပြအဖြစ် သောမတ်စ်တူဟယ်လ်ကို ခန့်အပ်လိုက်တာပါ။ ဒါဟာ ဆောက်ဂိတ်လက်ထက် အရှိန်ရလာတဲ့ အင်္ဂလန်အသင်းကို မှန်ကန်တဲ့တွန်းအားပေးမှုသာ ပြုလုပ်နိုင်ရင် ဆုဖလားအောင်ပွဲရ ယူနိုင်တော့မယ်လို့ ယူဆတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လစ်ပီ နဲ့ ဒဲလ်ဘော့စကေးတို့လို
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က သော မတ်စ်တူဟယ်လ်ကို (၁၈)လစာချုပ်နဲ့ ခန့်အပ်ခဲ့တာပါ။ ၂၀၂၅ ဇန်နဝါရီမှာ အင်္ဂလန်နည်းပြရာထူးကို စတင်ရယူခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အဆုံးသတ်မှာဖြစ်ပါတယ်။ ဒီတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ခုတည်းအတွက်သာ ရည်ရွယ်ခန့်အပ်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ တူဟယ်လ်က နည်းပြဘဝမှာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာခဲ့သူဖြစ်ပြီး အမြင့်ဆုံးအောင်မြင်မှုကတော့ ၂၀၂၀-၂၁ ရာသီမှာ ချယ်လ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ခြင်းပါ။ ၂၀၁၉-၂၀ ရာသီမှာ PSG အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ခဲ့တာကြောင့် ဗိုလ်လုပွဲကို နှစ်ရာသီဆက်တက်ရောက်ပြီး ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ PSG အသင်းနဲ့ ပြင်သစ်လိဂ် ချန်ပီယံဆု၊ ဘိုင်ယန်မြူးနစ်နဲ့ ဘွန်ဒစ်လီဂါချန်ပီယံဆုရယူနိုင်ခဲ့တာတွေကတော့ အဲဒီအသင်းတွေက သက်ဆိုင်ရာလိဂ်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကင်းသလိုဖြစ်နေတာကြောင့် သိပ်မဆန်းဘူးလို့ပဲ ဆိုရမှာပါ။ ချယ်လ်ဆီးမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေမဲ့ အသင်းရဲ့ သမိုင်းတစ်လျှောက် နိုင်ပွဲရာခိုင်နှုန်း စတုတ္ထအများဆုံးရရှိတဲ့နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ကံမကောင်းတာကတော့ ချယ်လ်ဆီးအသင်း ပိုင်ရှင်အပြောင်းအလဲဖြစ်တဲ့ကာလမှာမှ နည်းပြအဖြစ် ဖြတ်သန်းခဲ့ရတာပါ။ ချယ်လ်ဆီးအသင်းရဲ့ ပူးတွဲ ပိုင်ရှင်အသစ်ဖြစ်လာတဲ့ တော့ဒ်ဘိုလီက ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်လက်ထက်က ဦးဆောင်ခွင့်ရခဲ့သူတွေကို အကြွင်းအကျန်မထားဘဲ ဖယ်ရှားပစ်ချင်ခဲ့တာကြောင့် သောမတ်စ်တူဟယ်လ်အနေနဲ့ အချိန်မတန်ဘဲ လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။ ဒီ အတွက် ချယ်လ်ဆီးပရိသတ်တချို့က တော့ဒ်ဘိုလီကို ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ သူ့ကို ထုတ်ပယ်လိုက်ပြီးနောက်ပိုင်း ပိုပြီးရုန်းကန်နေရတာကြောင့် တော့ဒ်ဘိုလီလည်း ဖိအားတွေ ပိုတိုးခဲ့ရပါတယ်။ သောမတ်စ်တူဟယ်လ်ကတော့ ချယ်လ်ဆီးနဲ့ လမ်းခွဲပြီးတဲ့နောက် ဘိုင်ယန်မြူးနစ်ကို ရောက်ရှိခဲ့ပါတယ်။ လပိုင်းသာ ကိုင်တွယ်ခဲ့ရတဲ့ ပထမဆုံးရာသီမှာ ဘွန်ဒစ်လီဂါချန်ပီယံဆု ရယူနိုင်ခဲ့ပေမဲ့ ၂၀၂၃-၂၄ ရာသီမှာတော့ ဘွန်ဒစ်လီဂါချန်ပီယံဆုကို လေဗာကူဆင်အသင်း ရရှိသွားခြင်းနဲ့အတူ သောမတ်စ်တူဟယ်လ် ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲခဲ့ရပါတယ်။ ဒီလိုနဲ့ အသင်းလက်မဲ့ဖြစ်သွားခဲ့တဲ့ သောမတ်စ်တူဟယ်လ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က နည်းပြသစ်အဖြစ် တာဝန်ပေးခန့်အပ်ခဲ့တာပါ။ သောမတ်စ်တူဟယ်လ်အတွက်တော့ ကလပ်အသင်းနည်းပြဘဝနေ လက်ရွေးစင်နည်းပြဘဝကို စတင်ကူးပြောင်းရတဲ့ ခြေလှမ်းသစ်ပါပဲ။ ကလပ်အသင်းနည်းပြနဲ့ လက်ရွေးစင်နည်းပြဆိုတာက သဘောသဘာဝချင်း မတူညီတာကြောင့် ဘဝနှစ်ခုစလုံးမှာ အောင်မြင်မှုရရှိဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ကလပ်အသင်းနည်းပြတွေအနေနဲ့ လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ဝန်လေးကြပါတယ်။ ကလပ်အသင်းတွေနဲ့အတူ ထိပ်တန်းအောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြတဲ့ နည်းပြတချို့ကတော့ လက်ရွေးစင်အသင်းကို ကိုင်တွယ်ပြီး စိန်ခေါ်မှုအသစ်၊ အောင်မြင်မှုအသစ်တွေရယူပြီး သူတို့ရဲ့ ပုံရိပ်ကို မြှင့်တင်လိုကြပါတယ်။ သောမတ်စ်တူဟယ်လ်ကတော့ ဒုတိယအမျိုးအစားထဲ ပါဝင်ပါလိမ့်မယ်။ ကလပ်အသင်းဘောလုံးလောကမှာ အမြင့်ဆုံးလို့ဆိုရမယ့် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီးဖြစ်တဲ့ သောမတ်စ်တူဟယ်လ်က ထိပ်သီးကလပ်အသင်း တစ်သင်းကို အလွယ်တကူရွေးချယ်လို့ ရနိုင်တဲ့အခြေအနေရှိပေမဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကို ရွေးချယ်ခဲ့တာဟာ မတူညီတဲ့နယ်မြေမှာလည်း အောင်မြင်မှုရယူနိုင်လိမ့်မယ်လို့ ယုံကြည်တာကြောင့်ဖြစ်မှာ သေချာပါတယ်။ အင်္ဂလန်လက်ရွေး စင်အသင်းက ဒေးဗစ်ဘက်ခမ်တို့ ဦးဆောင်တဲ့ ခေတ်၊ ရွှေရောင်မျိုးဆက်အဖြစ် တင်စားခံရတဲ့ ခေတ်ထက် လက်ရှိအချိန်မှာ ပိုတောင့်တင်းတဲ့ ကစားသမားအင်အားကို ပိုင်ဆိုင်ထားတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ ဒါကို ယူရို ပြိုင်ပွဲနှစ်ကြိမ်ဆက် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ မှတ်တမ်းနဲ့လည်း သက်သေပြနိုင်ပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်အပိုင်းအခြားမှာ အင်္ဂလန်အသင်း ဆုဖလားအောင်ပွဲတွေနဲ့ လွဲချော်ခဲ့ရတာဟာ နည်းပြ ဆောက်ဂိတ်ရဲ့ အရည်အသွေးပိုင်းအားနည်းချက်ကြောင့်လို့ သတ်မှတ်သူတွေလည်း အများကြီးရှိခဲ့ပါတယ်။ ဒါကြောင့် အမှန်ကန်ဆုံးလူစာရင်းကို ရွေးချယ်နိုင်ပြီး ကစားသမားတွေရဲ့ အစွမ်းအစကို အကောင်းဆုံးထုတ်ယူနိုင်တဲ့ နည်းပြသာ ရောက်လာခဲ့ရင် ဆုဖလားအောင်ပွဲနဲ့ ထပ်မလွဲနိုင်တော့ဘူူးလို့ ပရိသတ်အများစုကလည်း ထင်ကြေးပေးနေကြပါတယ်။ အခု သောမတ်စ်တူဟယ်လ်က ဆုဖလားရယူဖို့ ရည်မှန်းထားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပထမဆုံးစတင်မှုအဖြစ် ခြေစစ်ပွဲနှစ်ပွဲ ဆင်နွှဲ ရတော့မှာပါ။ ဘယ်လိုအခင်းအကျင်း၊ ဘယ်လိုနည်းဗျူဟာတွေနဲ့ အင်္ဂလန်အသင်းကို ပုံဖော်သွားမလဲဆိုတာကိုတော့ ပထမဆုံးပွဲစဉ်မှပဲ မြင်တွေ့သိရှိရမှာပါ။ ဘောလုံးလောကမှာ ချန်ပီယံလိဂ်ရော ကမ္ဘာ့ဖလားချန်ပီယံဆုကိုပါ ရယူနိုင်တဲ့နည်းပြ နှစ်ဦးပဲ ရှိပါတယ်။ ရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ်၊ စပိန်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့သူ ဒဲလ်ဘော့စကေး၊ ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်၊ အီတလီအသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့သူ မာဆယ်လိုလစ်ပီတို့ပါ။ သောမတ်စ် တူဟယ်လ်က ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ဖလားရထားပြီး အခု အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါပြီ။ အင်္ဂလန်အသင်းရဲ့ အင်္ကျီရင်ဘတ်မှာ ကြယ်တစ်ပွင့် ထပ်တိုးအောင် သောမတ်စ်တူဟယ်လ် အမှန်တကယ်စွမ်းဆောင်ပေးနိုင်မလား ဆိုတာကိုတော့ . . . ။

မူရင်းသတင်း — Eleven Media Group