
နိုင်ငံတကာရေးရာတွေအကြောင်းကို ပြောကြတဲ့အခါ ပါဝါလေဟာနယ် (Power Vacuum) ဆိုတဲ့ အသုံးအနှုန်းက တော်တော်ခေတ်စားတယ်။ တကယ်တော့ ဘောလုံးကမ္ဘာရဲ့ ထိပ်တန်းအီလစ်အလွှာမှာလည်း ပါဝါလေဟာနယ် ဖြစ်နေပါတယ်။ မက်ဆီနဲ့ စီရော်နယ်လ်ဒို ကြီးစိုးထားတဲ့ Ballon d'Or ဟာ အရင်လို မဟုတ်တော့ပါဘူး။ မက်ဆီနဲ့ စီရော်နယ်လ်ဒိုလို လွှမ်းမိုးနိုင်တဲ့သူ မရှိဘူး။ ဒီဘက်နှစ်တွေအတွင်းမှာ ဒီနှစ်ဦးလို ကစားသမားမျိုးလည်း ထပ်ပေါ် ဖို့ မလွယ်ဘူးလို့ ပြောလို့ရတယ်။ မက်ဆီနဲ့ ကစားပုံ ဆင်တဲ့ ကစားသမားပေါင်းများစွာ၊ စီရော်နယ်လ်ဒိုလို နိုင်လိုစိတ်ပြင်းပြီး ဂိုးသွင်းကောင်းတဲ့ ကစားသမားပေါင်းများစွာ ထွက်ပေါ်လာရင်တောင် ထိပ်တန်းအဆင့် ကစားသမားတွေကြားမှာတောင် တစ်နှစ်နဲ့တစ်နှစ် ခြေစွမ်းတည်ငြိမ်မှုကို ထိန်းနိုင်ဖို့အပိုင်းက အခက်အခဲဖြစ်နေတယ်။ ဒါကြောင့် တခြားလူတွေအတွက် ပိုမျှော်လင့်နိုင်စရာ ဖြစ်လာသလို၊ နှစ်စဉ်တိုင်းလည်း စိန်ခေါ် နိုင်စွမ်းရှိသူတွေ ပိုမိုပါဝင်လာနိုင်တဲ့ အလားအလာတွေကို မြင်နေရပါတယ်။
နိုင်ငံတကာရေးရာတွေအကြောင်းကို ပြောကြတဲ့အခါ ပါဝါလေဟာနယ် (Power Vacuum) ဆိုတဲ့ အသုံးအနှုန်းက တော်တော်ခေတ်စားတယ်။ တကယ်တော့ ဘောလုံးကမ္ဘာရဲ့ ထိပ်တန်းအီလစ်အလွှာမှာလည်း ပါဝါလေဟာနယ် ဖြစ်နေပါတယ်။ မက်ဆီနဲ့ စီရော်နယ်လ်ဒို ကြီးစိုးထားတဲ့ Ballon d'Or ဟာ အရင်လို မဟုတ်တော့ပါဘူး။ မက်ဆီနဲ့ စီရော်နယ်လ်ဒိုလို လွှမ်းမိုးနိုင်တဲ့သူ မရှိဘူး။ ဒီဘက်နှစ်တွေအတွင်းမှာ ဒီနှစ်ဦးလို ကစားသမားမျိုးလည်း ထပ်ပေါ် ဖို့ မလွယ်ဘူးလို့ ပြောလို့ရတယ်။ မက်ဆီနဲ့ ကစားပုံ ဆင်တဲ့ ကစားသမားပေါင်းများစွာ၊ စီရော်နယ်လ်ဒိုလို နိုင်လိုစိတ်ပြင်းပြီး ဂိုးသွင်းကောင်းတဲ့ ကစားသမားပေါင်းများစွာ ထွက်ပေါ်လာရင်တောင် ထိပ်တန်းအဆင့် ကစားသမားတွေကြားမှာတောင် တစ်နှစ်နဲ့တစ်နှစ် ခြေစွမ်းတည်ငြိမ်မှုကို ထိန်းနိုင်ဖို့အပိုင်းက အခက်အခဲဖြစ်နေတယ်။ ဒါကြောင့် တခြားလူတွေအတွက် ပိုမျှော်လင့်နိုင်စရာ ဖြစ်လာသလို၊ နှစ်စဉ်တိုင်းလည်း စိန်ခေါ် နိုင်စွမ်းရှိသူတွေ ပိုမိုပါဝင်လာနိုင်တဲ့ အလားအလာတွေကို မြင်နေရပါတယ်။
လွန်ခဲ့တဲ့နှစ်တွေတုန်းက ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာနဲ့ ချန်ပီယံလိဂ်ဂိုးသွင်းဘုရင်ဆုအကြောင်းပြောရင် ဘယ်သူက ယုံနိုင်မလဲ။ ဒီထက်ပိုပြီး Ballon d'Or ဆုနဲ့ ယှဉ်ပြောလာရင် ဘယ်သူက ယုံနိုင်မှာလဲ။ အဲဒီအရာတွေက အခုတကယ်ဖြစ်လာခဲ့တယ်။ ရာဖင်ညာကို Ballon d'Or ဆုနဲ့ ပတ်သက်ပြီး ထင်ကြေးပေးသူတွေ ရှိလာတယ်။ သူ့အခြေအနေကလည်း မျှော်လင့်လို့ ရနိုင်တဲ့ အခြေအနေအထိ ရှိလာခဲ့တယ်။ လက်ရှိချန်ပီယံလိဂ်မှာ ဂိုးအများဆုံး သွင်းထားသလို၊ ဂိုး+ဖန်တီးမှု အများဆုံးကစားသမားလည်း ဖြစ်တယ်။ ဒီထက် အဓိကကျတာက သူ ပြသနေတဲ့ ခြေစွမ်း။ လာမင်းယမားလ်၊ လီဝန်ဒေါစကီးတို့ ခြေစွမ်းပြနေတဲ့ အသင်းမှာတောင် ရာဖင်ညာရဲ့ခြေစွမ်းဟာ ပိုမိုကောင်းမွန်တဲ့ အဆင့်နဲ့ တောက်ပနေလို့ ဖြစ်တယ်။
ရာဖင်ညာက ညာတောင်ပံမှာ အဓိကက စားတဲ့သူပါ။ ညာခြမ်းကနေ ဘယ်ခြေနဲ့ဝင်ပြီး ကစားတဲ့ပုံစံမျိုး ဖြစ်တယ်။ လာမင်းယမားလ် ပေါ်လာချိန်မှာ ရာဖင်ညာ နေရာစပျောက်တယ်။ ဒါပေမဲ့ ရာဖင်ညာက ရရာနေရာကနေ အစွမ်းပြနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဇာဗီလက်ထက်မှာကတည်းက ဘယ်တောင်ပံမှာ ကစားပေးရတာမျိုး ရှိလာတယ်။ ဘယ်နေရာမှာပဲ ကစားကစား၊ ရာဖင်ညာဟာ အသင်းအတွက် အကောင်းဆုံး ပေးဆပ်ကစားနေတာကို နောက်ပိုင်းမှာ အားလုံးက အသိအမှတ် ပြုလာရတယ်။ ဘာစီလိုနာဟာ ရာဖင်ညာကို အကြိမ်ကြိမ်ရောင်းချဖို့ ကြိုးစားဖူးတယ်။ ဒီရာသီ အစမှာတောင် ဆော်ဒီလိဂ်ကို ရောင်းဖို့ နီးစပ်ခဲ့သေးတယ်။ ဒါပေမဲ့ ရာဖင်ညာက ငွေပုံကြီးကို ငြင်းပြီး ဘာစီလိုနာမှာ ရုန်းကန်ဖို့ကို ရွေးချယ်ခဲ့တယ်။
ဒါဟာ သူ့ရဲ့ ဘာစီလိုနာချစ်စိတ်ပဲ။ သူ့ဖခင်က ရော်နယ်လ်ဒင်ညိုပရိသတ်ဖြစ်ပြီး ရာဖင်ညာတို့ဆီ ရော်နယ်လ်ဒင်ညိုကိုယ်တိုင်လာလည်လေ့ ရှိပါတယ်။ ရာဖင်ညာရဲ့ဖခင်က ရော်နယ်လ်ဒင်ညိုအကြိုက် ဂီတသမား ဖြစ်နေလို့ပါ။ ပေါ်တိုအယ်လီဂရီမှာ ဒင်ညို လာနားထောင်လေ့၊ လာကလေ့ ရှိပါတယ်။ အဲဒီကတည်းက ရာဖင်ညာလေးက ဘာစီလိုနာချစ်စိတ်တွေ ယိုဖိတ်နေခဲ့တယ်လို့ ဆို နိုင်ပါတယ်။ ဒါကြောင့် ပွဲထွက်နေရာ ပျောက်ဆုံးထားတဲ့အသင်းမှာ ဆက်တိုက်ပွဲဝင်ဖို့ သူ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်။
နည်းပြသစ် ဟန်ဆီဖလစ်ခ်က သူ့ကို No.10 Role မှာ စသုံးကြည့်တယ်။ အကောင်းဆုံး ခြေစွမ်းပြတယ်။ နောက်တော့ ဒန်နီအော်လ်မို ရောက်လာလို့ သူ့ကို ဘယ်တောင်ပံ ထပ်ရွှေ့တယ်။ ဘယ်တောင်ပံမှာလည်း ခြေစွမ်းပြတာပဲ။ ဘယ်သန်ကစားသမားအတွက် ဘယ်တောင်ပံမှာ က စားရတာက အရင်ခေတ်က ဘာမှမထူးခြားပေမဲ့ ဒီနေ့ခေတ်မှာတော့ ခက်ပါတယ်။ ဘယ်တောင်ပံ ကြောတစ်လျှောက် လွန်းထိုးကစားတဲ့ Traditional Winger ပုံစံကို ဒီနေ့ခေတ်မှာ အသင်းတော်တော်များများက မကစားကြတော့ဘူး။ အလယ်ကြောထဲ တိုးဝင်တဲ့ပုံစံတွေကိုသာ အဓိက ကစားကြတယ်။ ဒီအခါ ဘယ်ကြောကနေ ဘယ်ခြေနဲ့ အတွင်းဝင်ရတာ ခက်ခဲပါတယ်။ ဒါကြောင့် တိုက်စစ်အသားပေး တောင်ပံကစားသမားတွေမှာ ဘယ်သန်-ညာတောင်ပံကစားသမား၊ ညာသန်-ဘယ်တောင်ပံကစားသမားဆိုတဲ့ ပုံစံကိုသာ အတွေ့များတာ ဖြစ်တယ်။ ရာဖင်ညာကိုယ်တိုင်လည်း ဒီလိုကစားခဲ့တဲ့ တောင်ပံကစားသမားတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါရဲ့တောင်းဆိုမှုအရ သူက သူ့ပင်ကိုနေရာ မဟုတ်တဲ့ No.10 Role နဲ့ ဘယ်တောင်ပံမှာ ကစားလာရပြီး၊ အဲဒီနောက်ပိုင်းမှာလည်း အပြောင်မြောက်ဆုံး စွမ်းဆောင်ပြနေတယ်။
လာလီဂါမှာ (၁၃)ဂိုးသွင်းပြီး (၇)ကြိမ် ဂိုးဖန်တီးထားတယ်။ ချန်ပီယံလိဂ်မှာ (၁၁)ဂိုးသွင်းပြီး (၅)ကြိမ် ဖန်တီးထားတယ်။ ချန်ပီယံလိဂ်မှတ်တမ်းက ပိုခမ်းနားပါတယ်။ ဂိုး+ဖန်တီးမှု (၁၆)ကြိမ်ဆိုတာ ချန်ပီယံလိဂ်သမိုင်းမှာတောင် အဆင့်(၉)နေရာ ရှိတယ်။ ထိပ်ဆုံးက စီရော်နယ်လ်ဒိုဟာ ၂၀၁၃-၁၄ ရာသီတုန်းက ဂိုး+ဖန်တီးမှု (၂၂)ကြိမ် လုပ်ခဲ့တာဖြစ်လို့ ရာဖင်ညာအနေနဲ့ အဲဒီစံချိန်ကိုပါ အမီလိုက်နိုင်ခြေ ရှိပါတယ်။ ဒါဟာ သူ့ခြေစွမ်းရဲ့ အဆင့်ပါပဲ။ ဒီရာသီမှာ သွင်းဂိုးပါဝင်ပတ်သက်မှု စုစုပေါင်း (၄၄)ကြိမ် လုပ်ထားတယ်။ သူ့ထက်များတာ လီဗာပူးလ်က ဆာလာ(၅၄ ကြိမ်)ပဲ ရှိတယ်။
လက်ရှိမှာ ဆာလာကလည်း ချန်ပီယံလိဂ်မှာ ဆက်မကစားနိုင်တော့ပါဘူး။ သူ့အသင်း လီဗာပူးလ်က ပြင်သစ်ထိပ်တန်းကလပ် PSG အသင်းကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရတာကြောင့်ပါ။ ဒါကြောင့် ရာဖင်ညာရဲ့ Ballon d'Or အိပ်မက်က ပိုလင်းလက်လာတယ်။ ချန်ပီယံလိဂ်ဟာ နိုင်ငံတကာပြိုင်ပွဲကြီးတွေမရှိရင် Ballon d'Or ကို အဆုံး အဖြတ်ပေးတတ်တဲ့ ပေတံ ဖြစ်တတ်ပါတယ်။ ဒီနှစ်ထိပ်တန်းခြေစွမ်းရှင်တွေထဲမှာဆိုရင် ဆာလာ၊ ဟာရီကိန်း၊ ဒမ်ဘီလီ၊ ရာဖင်ညာတို့က Ballon d'Or အတွက် နာမည်တော်တော်ထွက်ကြတယ်။ ရီးယဲလ်မှာဆိုရင် အမ်ဘာပေ ရှိမယ်။ တခြားသူ တွေက လက်ရှိခြေစွမ်းအရ ဒီဆုကိုစဉ်းစားဖို့ တော်တော်ခက်မယ်။
တကယ်တော့ ခြေစွမ်းအပြင် ရာဖင်ညာရဲ့ ခေါင်းဆောင်မှုကလည်း အံ့အားသင့်ဖို့ ကောင်းပါတယ်။ အညတရကစားသမားကနေ အသင်းဖော်တွေရဲ့ ယုံကြည်ထိုက်တဲ့ ဦးဆောင်သူ ဖြစ်လာတယ်။ ရာဖင်ညာကို ဘာစီလိုနာအသင်းခေါင်းဆောင်ဖြစ်လာမယ်ပြောရင် ဘယ်သူယုံနိုင်မလဲ။ ဒါပေမဲ့ ဒါဟာ တကယ်ဖြစ်ခဲ့တယ်။ အသင်းတွင်း မဲပေးမှုနဲ့ ဆုံးဖြတ်တဲ့ ဒီရာထူးမှာ ရာဖင်ညာဟာ စတုတ္ထခေါင်းဆောင် ဖြစ်တယ်။ စတီဂန်၊ ဖရန်ကီဒီယွန်း၊ အာရူဟိုတို့က သူ့ရှေ့က အသင်းခေါင်းဆောင်တွေဖြစ်ပေမဲ့ ပွဲကစားရမှု၊ ခြေစွမ်းပြမှု၊ ဦး ဆောင်မှုမှာ ရာဖင်ညာက အရာရာပါပဲ။ ဒါကြောင့်လည်း ဒီရာသီမှာ ဘာစီလိုနာအသင်းရဲ့ အသင်း ခေါင်းဆောင် လက်ပတ်ဝတ်ခွင့်ရတဲ့ အကြိမ်အရေအတွက်အများဆုံးကစားသမားအဖြစ် ရာဖင်ညာက ရပ်တည်နေတာ ဖြစ်ပါတယ်။
ရာဖင်ညာက နာမည်ကျော်ကြားသူ မဟုတ်လို့ ချန်ပီယံလိဂ်ရခဲ့ရင်တောင် Ballon d'Or တော့ ရချင်မှလည်း ရမှာပါ။ သူကိုယ်တိုင်တောင် သိပ်ဂရုစိုက်နေပုံ မပေါ်ပါဘူး။ မီဒီယာတွေရဲ့ အမေးကို ခံရတိုင်း အသင်းရဲ့ အောင်မြင်မှု၊ အသင်းရဲ့ ရလဒ်ကိုပဲ စိတ်ဝင်စားတယ်လို့ ဖြေလေ့ရှိတယ်။ ဒါပေမဲ့ Ballon d'Or မရခဲ့ရင်တောင်မှ၊ ဘာစီလိုနာဟာ ဆုဖလားတွေနဲ့ မပိတ်သိမ်းနိုင်ခဲ့ရင်တောင်မှ ရာဖင်ညာရဲ့ဒီရာသီကို ဘယ်သူမှ မေ့လို့ရနိုင်မယ် မထင်ပါဘူး။ ဖီးနစ်ငှက်လိုမျိုး ပြာပုံထဲက နိုးထလာပြီး အမြင့်ဆုံးအထိ ပျံသန်းပြနေတာ ဖြစ်ပါတယ်။
ရာဖင်ညာအတွက် ပြိုင်ဘက်ဖြစ်လာနိုင်သူ တွေထဲမှာ သူ့ရဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်း ဖော်တစ်ဦးဖြစ်တဲ့ ဗင်နီစီယပ်စ်ဂျူနီယာလည်း ပါဝင်ပါတယ်။ ဗင်နီစီယပ်စ်က ပြီးခဲ့တဲ့ရာသီကတည်းက အနီးစပ်ဆုံးအထိ ရောက်ခဲ့ပြီးမှ ရိုဒရီက Ballon d'Or ဆုကို ရယူသွားခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ဘရာဇီးလ်ဟာ ဘောလုံးထွက်ကုန် အများဆုံး ဖြစ်နေဆဲနိုင်ငံ၊ ဘောလုံးသမားကောင်း များစွာ ထွက်ပေါ်နေဆဲနိုင်ငံ ဖြစ်နေပါလျက်နဲ့ ရော်နယ်လ်ဒင်ညိုနဲ့ ကာကာနောက်ပိုင်းမှာ Ballon d'Or ဆုရှင် လုံးဝမထွက်ပေါ်တော့ပါဘူး။ လက်ရှိ ဘရာဇီးလ်မျိုးဆက်ရဲ့ အတောက်ပဆုံး ကြယ်ပွင့်လို့ ပြောရမယ့် နေမာတောင် အကောင်းဆုံးအချိန်တွေသာ ကုန်ဆုံးသွားတယ်၊ ဒီဆုကို မရယူနိုင်ခဲ့ပါဘူး။ အခုတစ်ကြိမ် ဘရာဇီးလ်ကစားသမားတွေထဲက ဘယ်သူအရင်ဆုံး စတင်ရရှိမလဲဆိုတာကလည်း အားလုံးစိတ်ဝင်စားနေကြတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒီနှစ်၊ ဒီရာသီ မဟုတ်ရင်တောင် လာမယ့်နှစ်တွေမှာပဲ ဖြစ်ဖြစ် ဒီပြေးလမ်းပေါ်မှာ ဗင်နီစီယပ်စ်၊ ရိုဒရီဂိုတို့လို ကစားသမားတွေနဲ့ အတူ ပါဝင်လာတာကိုက ရာဖင်ညာအတွက် အံ့သြ ဖွယ်ရာ စွမ်းဆောင်မှုတစ်ခုလို့လည်း ဆိုရမှာဖြစ်ပါတယ်။