
ဂျာမန်တွေရဲ့အပျော်အပါးမက်စိတ်ကြောင့်ဘောလုံးလောကထဲသမိုင်းတစ်ခု လူးလွန့်လာတယ်။ လူးလွန့်လာတဲ့သမိုင်းက နယ်နယ်ရရမဟုတ်ဘူး။ ပါနန်ကာ (Panenka) ကန်ချက်လို့ အမည်တွင်မယ့် ပယ်နယ်တီကမ္ဘာကျော်လာတာပါပဲ။ ယူရို-၁၉၇၆ ဖိုင်နယ်မှာ အနောက်ဂျာမနီနဲ့ ချက်အသင်း စီးချင်းထိုးခဲ့ကြတယ်။ အနောက်ဂျာမနီက ယူရိုနဲ့ ကမ္ဘာ့ချန်ပီယံအသင်းဖြစ်ပြီးချက်အသင်းက ယူရို-၁၉၇၆ ရဲ့ Surprise Package ပါပဲ။ ဖိုင်နယ်မတိုင်ခင် ချက်အသင်းဘက်က သာမန်ပွဲကစားချိန် သရေကျရင် ပယ်နယ်တီအဆုံးအဖြတ်မခံယူချင်လို့ ဝေးလ်စ်ဒိုင်လူကြီး သောမတ်စ်က နောက်နှစ်ရက်အကြာမှာ ပြန်ကန်ပွဲကစားဖို့ ကြိုတင်စီစဉ်ခဲ့တယ်။
ဂျာမန်တွေရဲ့အပျော်အပါးမက်စိတ်ကြောင့်ဘောလုံးလောကထဲသမိုင်းတစ်ခု လူးလွန့်လာတယ်။ လူးလွန့်လာတဲ့သမိုင်းက နယ်နယ်ရရမဟုတ်ဘူး။ ပါနန်ကာ (Panenka) ကန်ချက်လို့ အမည်တွင်မယ့် ပယ်နယ်တီကမ္ဘာကျော်လာတာပါပဲ။ ယူရို-၁၉၇၆ ဖိုင်နယ်မှာ အနောက်ဂျာမနီနဲ့ ချက်အသင်း စီးချင်းထိုးခဲ့ကြတယ်။ အနောက်ဂျာမနီက ယူရိုနဲ့ ကမ္ဘာ့ချန်ပီယံအသင်းဖြစ်ပြီးချက်အသင်းက ယူရို-၁၉၇၆ ရဲ့ Surprise Package ပါပဲ။ ဖိုင်နယ်မတိုင်ခင် ချက်အသင်းဘက်က သာမန်ပွဲကစားချိန် သရေကျရင် ပယ်နယ်တီအဆုံးအဖြတ်မခံယူချင်လို့ ဝေးလ်စ်ဒိုင်လူကြီး သောမတ်စ်က နောက်နှစ်ရက်အကြာမှာ ပြန်ကန်ပွဲကစားဖို့ ကြိုတင်စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ကို ဂျာမနီအသင်းသားတွေ သဘောမတူခဲ့ဘူး။ ဒါကြောင့် ဖိုင်နယ်မစခင် နာရီပိုင်းအလိုမှာ ပြန်ကန်ပွဲ ကျင်းပမယ့် အစီအစဉ်ကို ဖျက်သိမ်းပြီး သရေကျရင် ပယ်နယ်တီအဆုံးအဖြတ်ခံယူမယ်လို့ သတ်မှတ် လိုက်တယ်။ တကယ်တမ်းကစားရာမှာလည်း သာ မန်ပွဲကစားချိန်မှာ အရှုံးအနိုင် အဖြေမပေါ်ခဲ့ဘူး။ ဂျာမန်တွေက ယူရိုပြီးရင် ကြိုတင်စီစဉ်ထားတဲ့ ကိုယ်ပိုင်အားလပ်ရက်ခရီးစဉ်ကို မဖျက်ချင်လို့ ပြန်ကန်ပွဲ မကစားဘဲ ပယ်နယ်တီအဆုံးအဖြတ်ခံယူမယ်ဆိုပြီး တောင်းဆိုခဲ့တာပါပဲ။ အဲဒီတောင်းဆိုချက်ဟာ သူတို့အတွက် ကံကြမ္မာဆိုးဖြစ်လာမယ်ဆိုတာ ဂျာမန်တွေ မသိခဲ့ဘူး။
ပါနန်ကာကန်ချက်ပိုင်ရှင် ချက်အသင်းက စားသမား အန်တိုနန်ပါနန်ကာက "ပယ်နယ်တီအဆုံးအဖြတ်ခံယူမယ်ဆိုပြီး ဂျာမန်တွေဘက်က တောင်းဆိုခဲ့တာပါ။ ဂျာမန်ကစားသမားတွေက ကြိုတင်စီစဉ်ထားတဲ့ အားလပ်ရက်အပန်းဖြေခရီးကို မဖျက်ချင်ဘူး။ ဒီတော့ ပြန်ကန်ပွဲအစား ပယ်နယ်တီအဆုံးအဖြတ် ခံယူချင်ခဲ့တာပါ"လို့ ပြန်ပြော ပြတယ်။ ပါနန်ကာက ထက်မြက်တဲ့ Playmaker ဖြစ်ပြီး သူ့ရဲ့ထူးထူးခြားခြားပယ်နယ်တီကန်ချက်ကို ကမ္ဘာသိအောင် ပြသချင်သူပါ။ ချက်အသင်းအတွက် (၅၉)ပွဲမှာ (၁၇)ဂိုး သွင်းယူခဲ့ပြီး ယူရို-၁၉၇၆ ရဲ့အကောင်းဆုံးအသင်းထဲ စာရင်းပေါက်ခဲ့တယ်။ ချက်နိုင်ငံ၊ ပရပ်ဂ်မြို့အခြေစိုက် ဘိုဟေးမီးယန်း အသင်းမှာ ပါနန်ကာနဲ့ အသင်းဖော်ဂိုးသမား ရုစကာတို့က ပယ်နယ်တီလေ့ကျင့်ခန်း အစီအစဉ်တွေ အမြဲလုပ်ခဲ့ပါတယ်။ ပယ်နယ်တီ ငါးကြိမ်ကန်သွင်းတိုင်း ပါနန်ကာ အကုန်ဝင်ရင် အနိုင်ရမှာဖြစ်ပြီး ရုစကာက တစ်ကြိမ်ကာကွယ်နိုင်ရင်ပဲ အနိုင်ရမှာပါ။ အနိုင်ရသူကို ရှုံးတဲ့သူက ဘီယာ တိုက်ကြေး၊ မုန့်ကျွေးကြေး ယှဉ်ပြိုင်ကြတာပါပဲ။
"ကျွန်တော်ပဲ အမြဲတမ်း ဝယ်ကျွေးရပါတယ်။ ညနေတိုင်း သူ့ကို ဘယ်လိုအနိုင်ယူရမလဲဆိုတာကျွန်တော် တွေးနေမိတယ်။ ပယ်နယ်တီကန်သွင်းဖို့ ပြေးလာချိန်တိုင်း သူက ဘယ်ဘက်နဲ့ ညာဘက် တစ်ဖက်ဖက်ကို ဒိုင်ဗင်ပစ်ဖို့ တွေးနေပါပြီ။ နောက် ဆုံးကျွန်တော့်စိတ်ထဲ အလယ်တည့်တည့်ကန်ရင်ဘယ်လိုနေမလဲဆိုပြီး တွေးမိခဲ့တယ်"လို့ ပါနန်ကာ ပြန်ပြောပြတယ်။ အဲဒီအတွေးအတိုင်း ပါနန်ကာလက်တွေ့အကောင်အထည်ဖော်ခဲ့ပါတယ်။ ညနေခင်း ပယ်နယ်တီပြိုင်ပွဲတွေမှာ ပါနန်ကာ အနိုင်ရတာများလာတယ်။ နှစ်တွေကြာလာတဲ့အခါ ပါနန်ကာက လေ့ကျင့်ရေးကွင်းမှာသာမကဘဲ ချစ်ကြည်ရေးပွဲတွေ၊ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာပါ စမ်းသပ်ခဲ့တယ်။ ပါနန်ကာကန်ချက်က အကြိမ်တိုင်းလိုလို အလုပ်ဖြစ်လို့ ပါနန်ကာတစ်ယောက် ယုံကြည်စိတ်ပိုရဲလာပြီ။ ပါနန်ကာကန်ချက်ကို ချက်အသင်းပရိသတ် အတော်များများသိထားပါတယ်။ ဒါပေမဲ့ ဉရောပအနောက်နိုင်ငံတွေက ချက်အသင်းဘောလုံးလောကအကြောင်း စိတ်မဝင်စားပါဘူး။ သတင်းစီးဆင်းမှုနှေးကွေးတဲ့ ခေတ်ဖြစ်လို့လည်း ပါနန်ကာ ကန်ချက်အကြောင်း ဂျာမန်တွေ ကြိုမသိခဲ့ပါဘူး။
အနောက်ဂျာမနီနဲ့ ယူရို-၁၉၇၆ ဖိုင်နယ်မှာအဆုံးအဖြတ်ပယ်နယ်တီကို ပါနန်ကာ ကန်ရပါတယ်။ ပါနန်ကာက သူယုံကြည်တဲ့အတိုင်း ဂိုးပေါက်အလယ်တည့်တည့်ကို အသာအယာမပြီး ကန်သွင်းကာ ဂျာမန်တွေရဲ့အသည်းကို ခွဲခဲ့တယ်။ ဘောလုံးက ဂိုးပေါက်ထဲမရောက်ခင်အချိန်ကတည်းက ပါနန်ကာတစ်ယောက် အောင်ပွဲခံနေပါပြီ။ သူ့ရဲ့တမူထူးခြား ပယ်နယ်တီကန်ချက်ကို ပါနန်ကာ အဲဒီလိုမျိုး ယုံကြည်စိတ်ရဲခဲ့တယ်။ ချက်အသင်း ယူရိုချန်ပီယံဖြစ်ခဲ့တာကို ဘယ်သူမှ မယုံနိုင်ကြဘူး။ ၁၉၆၈ ခုနှစ်မှာ ဘူလ်ဂေးရီးယား၊ ပိုလန်၊ ဟန်ဂေရီတို့ ထောက်ခံအားပေးမှုနဲ့အတူ ဆိုဗီယက်ပြည် ထောင်စုဟာ တင့်ကားအစီးရေ (၄၅၀၀)နဲ့ ချက်နိုင်ငံထဲကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်က Prague Spring လို့ သမိုင်းတွင်ပြီး ဆိုရှယ်လစ်တွေက ကွန်မြူနစ်စနစ်ကို ချေမှုန်းခဲ့တာပါပဲ။ ဆိုဗီယက်လက်ထဲက ချက်နိုင်ငံမှာ လူစုလူဝေး လုပ်ခွင့်ဟာ တင်းကျပ်ခံထားရပေမဲ့ ယူရိုချန်ပီယံ ချက်အသင်းရဲ့ပြည်တော်ပြန်ခရီးကို ကြိုဆိုသူတွေ ဖွေးဖွေးလှုပ်ခဲ့ပါတယ်။ "ကျွန်တော်တို့ကို လာကြိုတဲ့လူတွေက နည်းတာမဟုတ်ဘူး။ အဲဒီလောက် များလိမ့်မယ်လို့ မထင်မှတ်ခဲ့ပါဘူး။ စိတ်အားတက်ကြွနေတဲ့ လူငယ်တွေလည်း မြင်ခဲ့ရပြီး ကျွန်တော့် ဘဝရဲ့အမှတ်ရစရာအကောင်းဆုံး အခိုက်အတန့်ပါ"လို့ ပါနန်ကာက ကြည်နူးစွာပြောခဲ့တယ်။
ပါနန်ကာရဲ့စွန့်ဦးတီထွင် ပယ်နယ်တီကန်ချက်ဟာ ပရိသတ်တွေကြားသာမကဘဲ အာဏာပိုင်တွေနားထဲအထိ ပေါက်ရောက်ခဲ့တယ်။ အဲဒီအချိန်တုန်းက ချက်အာဏာပိုင်တွေက Normalisation မူဝါဒကို ကိုင်စွဲထားပါတယ်။ ဘယ်နယ်ပယ်မျိုးမှာမဆို ဆန်းသစ်တီထွင်တာ သဘောမကျဘူး။ အတွေးအမြင်အသစ်တွေကို ချပြလို့မရဘူး။ ယူရို-၁၉၇၆ မတိုင်ခင် သုံးလလောက်မှာ ချက်အာဏာပိုင်တွေက မူးယစ်ဆေးအကြောင်း ရေးဖွဲ့သီဆိုတဲ့ ရော့ခ်ဂီတအဖွဲ့နဲ့ Underground ဂီတအဖွဲ့တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ အဲဒီဂီတ အဖွဲ့တွေက တော်လှန်ရေးဖြစ်လာအောင် လှုံ့ဆော် ပေးနိုင်တယ်ဆိုတဲ့ စွဲချက်နဲ့ပါ။
ပါနန်ကာကန်ချက်ဟာ ဆိုဗီယက်နောက်ခံချက်အာဏာပိုင်တွေရဲ့စိတ်ထဲ သူပုန်ဆန်ခဲ့ပေမဲ့နှစ်ပေါင်းများစွာ ကြာတဲ့အခါ ဘောလုံးလောကရဲ့အလှတရားဖြစ်လာတယ်။ ၂၀၀၆ ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ဇီဒန်း၊ ယူရို၂၀၁၂ အင်္ဂလန်နဲ့ပွဲမှာ ပီယာလိုတို့က ပါနန်ကာ ပယ်နယ်တီကန်ချက်တွေ ဖန်ဆင်းပြခဲ့တယ်။ ပြီးတော့ မက်ဆီ၊ စီရော်နယ်လ်ဒို၊ အွန်နရီ၊ နေမာ၊ ဇလာတန်တို့ဟာ ပါနန်ကာ ပယ်နယ်တီကန်ချက်ကို လေးမြတ်စွာ တန်ဖိုးထား ကန်ခဲ့ကြပါတယ်။ ယူရို-၁၉၇၆ ဖိုင်နယ်မှာ ပါနန်ကာ ပယ်နယ်တီကြောင့် အရှက်ကွဲခဲ့ရ၊ ကြေကွဲခဲ့ရတဲ့ အနောက်ဂျာမနီဂိုးသမား မိုင်ယာလည်း နောက်ပိုင်းမှာ စိတ်ဖြေနိုင်ခဲ့တယ်။ ပါနန်ကာပယ်နယ်တီ ကန်ချက်နဲ့ ဂိုးပေးလိုက်ရတာ သူတစ်ယောက်တည်း မဟုတ်တော့ဘူး။ ပါနန်ကာကိုလည်း မိုင်ယာ စိတ်ဆိုးပြေခဲ့ပါပြီ။ နောက်ပိုင်းမှာ သူတို့နှစ်ဦး ရန်ပုံငွေပွဲတွေ အတူကစားခဲ့သလို၊ ဘီယာသောက်ဖော် သောက်ဖက်၊ ဂေါ့ဖ်ကစားဖော်ကစားဖက် ဖြစ်လာခဲ့တယ်။ ပါနန်ကာကတော့ ဝမ်းနည်းဝမ်းသာခံစားချက်ကို ပိုင်ဆိုင်ခဲ့ရပေါ့။ ဂန္ထဝင်တွင်မယ့် ပါနန်ကာ ကန်ချက်ကို ဖန်ဆင်းနိုင်လို့ ဂုဏ်ယူရသလို၊ အခြားတစ်ဖက်မှာ သူ့ရဲ့ တည်ကန်ဘော၊ အဝေးကန်ချက်နဲ့ ဖြတ်တင်ပေးပို့မှု စွမ်းရည်တွေကို လူတွေမမြင်ဘဲ ပါနန်ကာကန်ချက်နဲ့သာ လူပိုသိလို့ စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ သူ့ရဲ့ပါရမီတွေဟာ ပါနန်ကာကန်ချက်အောက်မှာ မြေမြှုပ်ခံလိုက်ရတာပါပဲ။ တကယ်လို့များ ၁၉၇၆ ခုနှစ်ကို ပြန်သွားလို့ရရင် ဆုံးဖြတ်ချက်ပြင်မလားလို့ ပါနန်ကာကိုမေးကြည့်တဲ့အခါ "No"ဆိုပြီး တုံ့ပြန်ခဲ့တယ်။