Eleven Media Group

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲကြိုသုံးသပ်ချက်

Photo: X

ပါရာဂွေး နှင့် ချီလီ (မြန်မာစံတော်ချိန် သောကြာနံနက် ၅း၃၀ နာရီ)

ပါရာဂွေးအသင်း ခြေစစ်ပွဲ (၆)ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားပြီး အိမ်ကွင်း(၃)ပွဲဆက် အနိုင်ရထားတယ်။ အနိုင်ရတဲ့ အိမ်ကွင်း(၃)ပွဲမှာ ထိပ်သီးအသင်းတွေဖြစ်တဲ့ ဘရာဇီးလ်၊ အာဂျင်တီးနားအသင်းတွေတောင် ပါဝင်ပါတယ်။ လတ်တလောမှာလည်း ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ဖို့ လုံလောက်တဲ့ခြေစွမ်းကို ပြသထားတယ်။ ချီလီအသင်းကတော့ နောက်ဆုံးခြေစစ်ပွဲမှာ အနိုင်ရထားပေမဲ့ အသင်းရဲ့အခြေအနေကို မှန်းဆဖို့တော့ မလွယ်လောက်သေးဘူးထင်တယ်။ ပါရာဂွေးအသင်း အိမ်ကွင်း နိုင်ပွဲဆက်ဖို့ များတယ်။

ဘရာဇီးလ် နှင့် ကိုလံဘီယာ (မြန်မာစံတော်ချိန် သောကြာနံနက် ရး၁၅ နာရီ)

ပထမအကျော့မှာတော့ ကိုလံဘီယာအသင်းက အိမ်ကွင်းမှာ အနိုင်ယူထားခဲ့တယ်။ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေက ဒေသတွင်းထိပ်သီးအသင်းတွေအတွက် ခြေချော်လက်ချော်ဖြစ်ဖို့ မရှိသလောက်နည်းပေမဲ့ ဂုဏ်သိက္ခာ ပိုင်းအရ အကြိတ်အနယ်ကစားလေ့ရှိတာ တွေ့ရတယ်။ လက်ရှိမှာ ဘရာဇီးလ်အသင်းက ပထမအကျော့ အရေးနိမ့်ထားခဲ့လို့ အိမ်ကွင်းမှာ ရှုံးကြွေးပြန်ဆပ်ဖို့ ကြိုးပမ်းလိမ့်မယ်။ ဘရာဇီးလ်တိုက်စစ်မှာ နေမာ လူစာရင်းက ထွက်သွားပေမဲ့ အန်းဒရစ် ဝင်လာလို့ ကွာဟချက်တော့ သိပ်မရှိဘူး။ နှစ်သင်းစလုံးက နောက်ဆုံးနှစ်ပွဲဆက် နိုင်ပွဲပျောက်ထားကြပြီး ကိုလံဘီယာအသင်းက အခြေအနေ ပိုဆိုးပါတယ်။ ပွဲကျပ်နှစ်ပွဲဆက် ကစားရမယ့်အခြေအနေမှာ ဘယ်လိုပွဲထုတ်မလဲ စိတ်ဝင်စားစရာပါ။ ဘရာဇီးလ်မြေမှာတော့ အိမ်ရှင်အသင်းပဲ အနိုင်ရဖို့များတယ်။

ပီရူး နှင့် ဘိုလစ်ဗီးယား (မြန်မာစံတော်ချိန် သောကြာနံနက် ၈းဝ၀ နာရီ)

ဘိုလစ်ဗီးယားအသင်း ခြေစစ်ပွဲ(၃)ပွဲဆက်တိုက် အနိုင်ကစားခဲ့ပြီးမှ နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရတယ်။ အာဂျင်တီးနားကို ဂိုးဒါဇင်ဝက် ပေးခဲ့ရပြီး အီကွေဒေါကိုတော့ ကစားသမားတစ်ယောက် အထုတ်ခံရကာ ပယ်နယ်တီပါ ပေးလိုက်ရလို့ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်တယ်။ ပီရူးအသင်းက ရလဒ်မကောင်းပေမဲ့ အိမ်ကွင်းမှာ မာကျောမှုကို ပြသနိုင်နေဆဲပါပဲ။ ဘရာဇီးလ်၊ အာဂျင်တီးနားအသင်းတွေကို ကပ်ရှုံးခဲ့ပြီး အိမ်ကွင်း(၄)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘူး။ ပီရူးအသင်း ဂိုးပြတ်ဖို့တော့ ခက်မယ်ထင်တယ်။

မူရင်းသတင်း — Eleven Media Group