Eleven Media Group

စီရော်နယ်လ်ဒို ကစားသမားဘဝမှ အနားယူမည့်အချိန်အတွက် ပေါ်တူဂီအသင်း စတင်ပြင်ဆင်သင့်ပြီဖြစ်ကြောင်း ကားလို့စ်ကွီးရော့ဇ် သတိပေး

Photo: Getty Images

ပေါ်တူဂီနည်းပြဟောင်း ကားလို့စ်ကွီးရော့ဇ်က ပေါ်တူဂီလက်ရွေးစင်အသင်းအနေဖြင့် နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို ကစားသမားဘဝမှ အနားယူမည့်အချိန်အတွက် စတင်ပြင်ဆင်သင့်ပြီဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
Ballon d'Or (၅) ကြိမ်ပိုင်ရှင် စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် (၂၂) နှစ်အတွင်း ပေါ်တူဂီလက်ရွေးစင်အသင်း၏ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူ ဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ပေါ်တူဂီလက်ရွေးစင်အသင်းကို ယူရိုဖလားနှင့် UEFA Nations League ဖလားများ ရယူပေးထားသည်။
စီရော်နယ်လ်ဒိုသည် ပေါ်တူဂီအသင်းအတွက် (၂၁၇) ပွဲအထိ ကစားထားပြီး (၁၃၅) ဂိုးအထိ သွင်းယူထားသည်။
၎င်းသည် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်သာမက ဘောလုံးသမိုင်းတွင် လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးနှင့် ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေသည်။
သို့သော် စီရော်နယ်လ်ဒိုသည် လက်ရှိတွင် အသက် (၄၀) ကျော်လာပြီဖြစ်ပြီး ကစားသမားဘဝမှ အနားယူမည့်အချိန်ကို သတ်မှတ်ထားခြင်းမရှိသေးသော်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အနားယူဖွယ်ရှိနေကြောင်း သိရသည်။
ပေါ်တူဂီနည်းပြဟောင်း ကွီးရော့ဇ်သည် စီရော်နယ်လ်ဒို ကစားသမားဘဝမှ အနားယူသွားပါက ပေါ်တူဂီလက်ရွေးစင်အသင်း ကျဆင်းသွားမည်ကို စိုးရိမ်နေပြီး ယင်းအတွက် အခုကတည်းက စတင်ပြင်ဆင်သင့်ပြီဖြစ်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။
ကွီးရော့ဇ်က ''ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဘာကိုမှ သတိမထားဘဲ ကျွန်တော်တို့ ဖြတ်သန်းနေကျအတိုင်းပဲ ဖြတ်သန်းနေခဲ့ကြတယ်။ ဒါပေမဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းဟာ အရမ်းအရေးကြီးပြီး စိုးရိမ်စရာကောင်း တဲ့ အခြေအနေနဲ့ နီးကပ်လာပြီလို့ ထင်ပါတယ်။ သိပ်မကြာတော့တဲ့ ကာလတစ်ခုမှာပဲ ကျွန်တော်တို့အနေနဲ့ ပေါ်တူဂီသမိုင်းမှာ ထာဝရအကောင်းဆုံးဘောလုံးသမား ဖြစ်တဲ့ စီရော်နယ်လ်ဒိုကို ဆုံးရှုံးရတော့မှာပါ။ စီရော်နယ်လ်ဒို မရှိတော့ရင် ပေါ်တူဂီလက်ရွေးစင်အသင်းက ကျဆင်းသွားနိုင်ပါတယ်။ အဲဒီကျဆင်းမှုကို ကာကွယ်နိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ အခုကတည်းက စတင်ပြီး ပြင်ဆင်သင့်ပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့မှာ အောင်မြင်မှုတွေကို ဆက်လက်ရယူပေးနိုင်မယ့် မျိုးဆက်သစ်ကစားသမားတွေ ရှိပါတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒို အနားယူသွားပြီး ပေါ်တူဂီအသင်းသာ ကျဆင်းသွားမယ်ဆိုရင် လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ အရမ်းကိုခက်ခဲသွားပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် အသက် (၄၀) ကျော်ပြီဖြစ်သော်လည်း ခြေစွမ်းပြနေဆဲဖြစ်ပြီး အယ်လ်နာဆာအတွက် ယခုရာသီပြိုင်ပွဲစုံ (၃၃) ပွဲတွင် (၂၈) ဂိုးသွင်းယူထားသည်။

မူရင်းသတင်း — Eleven Media Group