
ဘူလ်ဂေးရီးယားဘောလုံးသမားဟောင်း ပက်ကိုဂန်ချက်ဗ်(၇၈ နှစ်)က မသေဆုံးဘဲ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခံရမှု၏ နောက်ဆက်တွဲဖြစ်ရပ်ကို ဖွင့်ဟခဲ့သည်။
ဂန်ချက်ဗ်၏အသင်းဟောင်း အာဒါခါဇာလီနှင့် လက်ဗ်စကီးဆိုဖီယာအသင်းတို့ ကစားသည့်ပွဲစဉ်မတိုင်မီ ဂန်ချက်ဗ် သေဆုံးမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ခဲ့သည်။
သို့သော် ယင်းပွဲမပြီးမှာပင် အာဒါအသင်းက Facebook စာမျက်နှာတွင် သတင်းမှား လက်ခံရရှိခြင်းကြောင့်ဖြစ်ကြောင်း ရှင်းလင်းခဲ့ကာ ပြန်လည်တောင်းပန်ခဲ့သည်။
''ကျွန်တော် ပုဂ္ဂလိကအလုပ်တစ်ခုကြောင့် ပွဲစချိန်ထက် (၁၀)မိနစ်လောက် နောက်ကျခဲ့တယ်။ အိမ်ကို ကားမောင်းပြန်နေချိန်မှာ ကျွန်တော့်ဖုန်းကို ခေါ်ဆိုမှုတွေ အမြောက်အမြားဝင်လာတယ်။ ကျွန်တော့်နေအိမ်ရှေ့မှာ ကားပါကင်ထိုးလိုက်တယ်။ ခြံထဲကို ဝင်လိုက်ချိန်မှာ ကျွန်တော့်ဇနီးက ငိုပြီးပြေးဖက်ပါတယ်။ ပြီးတော့ 'ပက်ကို၊ ပက်ကို၊ သူတို့က ရှင်သေပြီလို့ TV မှာ ကြေညာခဲ့တယ်လို့ ပြောတယ်။ သူမ ဘာတွေပြောနေသလဲ၊ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို နားမလည်ပါဘူး။ ပြီးတော့ ကျွန်တော့်မိတ်ဆွေနှစ်ယောက်က ကျွန်တော့်ဆီ ဖုန်းခေါ်ခဲ့တယ်။ အရှင်လတ်လတ် မြေမြှုပ်ခံရတာ လုံးဝစိတ်ဖိစီးစရာပါပဲ''ဟု ဂန်ချက်ဗ်က ပြောကြားခဲ့သည်။
အာဒါအသင်းတွင် ငါးနှစ်ကြာ ကစားခဲ့သူ ဂန်ချက်ဗ်ကို အသင်းအားကစားဒါရိုက်တာဖြစ်သူ အီဗေလိုပက်ကော့ဗ်က ဖုန်းဆက်တောင်းပန်ခဲ့ကြောင်း သိရသည်။