Eleven Media Group

ဒါဝင်နူးနက်ဇ်ကို အက်သလက်တီကိုအသင်း စိတ်ဝင်စား

Photo: X

အက်သလက်တီကိုအသင်းသည် လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
ဒါဝင်နူးနက်ဇ် (၂၅ နှစ်)သည် လီဗာပူးလ်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် အက်သလက်တီကိုအသင်းသည် ဒါဝင်နူးနက်ဇ်၏အခြေအနေကို စောင့်ကြည့်နေပြီး လျှော့စျေးဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အား ၂၀၂၂ နွေရာသီတွင် ဘင်ဖီကာအသင်းမှ ယူရို (၈၅) သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
အက်သလက်တီကိုအသင်းသည် ဒါဝင်နူးနက်ဇ်အား ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း လီဗာပူးလ်အသင်း ပေးချေခဲ့သည့် စျေးတစ်ဝက်ကိုပင် ပေးချေလိုခြင်းမရှိဘဲ ယူရို (၃၅)သန်း သို့မဟုတ် သန်း(၄၀) ဖြင့် ခေါ်ယူလိုခြင်းဖြစ်ကြောင်း သိရသည်။
ဒါဝင်နူးနက်ဇ်သည် လီဗာပူးလ်အတွက် ယခုရာသီတွင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ပြိုင်ပွဲစုံ ပွဲ (၄၀) တွင် (၇)ဂိုးသာ သွင်းယူထားနိုင်သေးသည်။

မူရင်းသတင်း — Eleven Media Group