
ရီးယဲလ်မက်ဒရစ်အသင်းသည် လစာတိုးတောင်းနေသည့် ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား ရောင်းထုတ်၍ နီကိုဝီလီယံစ်နှင့် ဖလော်ရီယန်ဗက်ဇ်တို့ထဲမှ တစ်ဦးဦးကို ခေါ်ယူအစားထိုးရန် စီစဉ်နေကြောင်း သတင်းထွက်လာခဲ့သည်။
ရီးယဲလ်အသင်းသည် ဗင်နီစီယပ်စ်(၂၄ နှစ်)ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့်အပြင် ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ်လည်း ချုပ်ဆိုထားသည်။
သို့သော် ယခုနှစ်ပိုင်းအတွင်း၌ ဆော်ဒီကလပ်အသင်းများက ၎င်းကို ခေါ်ယူရန် ပစ်မှတ်ထားလာကြပြီး စုစုပေါင်းလစာ ယူရို(၁)ဘီ လီယံတန်ကြေးရှိသည့် ကမ်းလှမ်းမှုပြုလုပ်ရန် ပြင်ဆင်နေကြောင်း သတင်းထွက်လာခဲ့သည်။
ထို့ကြောင့် ဗင်နီစီယပ်စ်က ရီးယဲလ်အသင်းတွင် ဆက်လက်ကစားသွားမည်ဖြစ်သော်လည်း အသင်း၏ လစာအများဆုံးကစားသမားဖြစ်စေမည့် လစာနှုန်းထားတိုးမြှင့်ပေးရန်နှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်းဆိုမှုကို ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က လိုက်လျောလိုခြင်းမရှိသည့်အတွက် ဗင်နီစီယပ်စ်ကို ရောင်းထုတ်ပြီး ကစားသမားသစ် ပြန်လည်အစားထိုးခေါ်ယူရန် စီစဉ်နေသည်ဟု သတင်းထွက်လာခြင်းဖြစ်သည်။
ရီးယဲလ်အသင်းသည် ဗင်နီစီယပ်စ်အတွက် ဆော်ဒီကလပ်အသင်းထံမှ ကမ်းလှမ်းမည့် ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၅၀)ဝန်းကျင်ကိုလည်း မက်မောနေပြီး အဆိုပါငွေကြေးပမာဏဖြင့်ဆိုပါက ထိပ်တန်းတိုက်စစ်ကစားသမားတစ်ဦးကို စိတ်ကြိုက်ခေါ်ယူနိုင်မည့် အခြေအနေလည်းရှိနေသည်။
လက်ရှိအချိန်၌ ဗင်နီစီယပ်စ်နေရာ အစားထိုးရန် ရီးယဲလ်အသင်း ပစ်မှတ်ထားနေသည့် ကစားသမားများမှာ ဘီလ်ဘာအိုအသင်းမှ စပိန်ကစားသမား နီကိုဝီလီယံစ်နှင့် လေဗာကူဆင်အသင်းမှ ဂျာမန်ကစားသမား ဖလော်ရီယန်ဗက်ဇ်တို့ဖြစ်သည်။
အဆိုပါကစားသမားနှစ်ဦးစလုံးမှာ လက်ရှိအသင်းများထက် ပိုမိုအင်အားကြီးမားသည့် ထိပ်သီးအသင်းများထံ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေသူများဖြစ်သည်။