
ဘာစီလိုနာအသင်းသည် ဂန္ထဝင်ကစားသမား မက်ဆီကို နူးကမ့်ကွင်းသစ် ဖွင့်ပွဲအမီ အသင်းထံ ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် လက်ရှိအချိန်တွင် နူးကမ့်ကွင်းကို ပြန်လည်တည်ဆောက်မှု ပြုလုပ်နေပြီး ၂၀၂၆ ဇွန်လ၌ ကွင်းသစ်ဖွင့်ပွဲ ပြုလုပ်ရန် ရည်ရွယ်ထားသည်။
ယင်းအချိန်တွင် မက်ဆီသည် လက်ရှိကလပ် အင်တာမိုင်ယာမီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက် ဘာစီလိုနာအသင်းက ၎င်းကို အသင်းထံ ကာလတိုစာချုပ်ဖြင့် ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။
မက်ဆီသည် လာမည့်ဇွန်လ၌ အသက်(၃၈)နှစ် ပြည့်မည်ဖြစ်သော်လည်း ကစားသမားဘဝမှ အနားယူလိုခြင်းမရှိသေးဘဲ ငယ်ဘဝကလပ်အသင်း သို့မဟုတ် ဘာစီလိုနာအသင်းတွင် ကစားသမားဘဝကို ပြန်လည်အဆုံးသတ်ရန် လိုလားနကြောင်းလည်း သိရသည်။
ဘာစီလိုနာအသင်းသည် နူးကမ့်ကွင်းကို ပရိသတ်(၁၀၅၀၀၀)ဝင်ဆံ့သည့်ကွင်းအဖြစ် တိုးမြှင့်တည်ဆောက်လျက်ရှိရာ ယခုလအတွင်း၌ ပြန်လည်အသုံးပြုနိုင်ရန် ရည်မှန်းထားသော်လည်း ကွင်းတည်ဆောက်မှုမှာ အချိန်မီပြီးစီးခြင်း မရှိသည့်အတွက် ရာသီလက်ကျန်ပွဲများကို လက်ရှိအချိန်၌ အိမ်ကွင်းအဖြစ် အသုံးပြုနေသော အိုလံပစ်ကွင်းတွင်သာ ဆက်လက်ယှဉ်ပြိုင်သွားရမည်ဟု သိရသည်။