
အာဂျင်တီးနားအသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သည် လေ့ကျင့်မှုပြုလုပ်စဉ် တံကောက်ကြောဒဏ်ရာရရှိသွားသဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် လူစာရင်းမှ နုတ်ထွက်ခဲ့ရကြောင်း သိရသည်။
အင်တာမီလန်အသင်း ကစားသမားဖြစ်သူ လော်တာရို (၂၇ နှစ်) သည် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်အတွက် အာဂျင်တီးနားအသင်းနှင့် သွားရောက်ပူးပေါင်း၍ လေ့ကျင့်ခဲ့သော်လည်း ဝဲဘက်ခြေထောက် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
၎င်းသည် တစ်ဦးတည်း သီးသန့်လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက် ဒဏ်ရာအခြေအနေကြောင့် အီတလီသို့ပြန်ရန် ဆုံးဖြတ်ခဲ့ရသည်ဟု အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်(AFA) က ထုတ်ပြန်ခဲ့သည်။
လော်တာရို၏ ဒဏ်ရာသတင်းမှာ အာဂျင်တီးနားအသင်းအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့ပြီး အသင်းခေါင်းဆောင် မက်ဆီမှာလည်း ပေါင်ကြွက်သားဒဏ်ရာကြောင့် နုတ်ထွက်ထားသည်။
သို့ဖြစ်ရာ အာဂျင်တီးနားနည်းပြ စကာလိုနီအနေဖြင့် တိုက်စစ်ပိုင်းတွင် အယ်လ်ဗာရက်ဇ်ကို ဦးစားပေးအဖြစ် အသုံးပြုရဖွယ်ရှိနေသည်။