
ကမ္ဘာ့အဆင့် (၃) စပိန်တင်းနစ်ကြယ်ပွင့်ကစားသမား ကားလို့စ်အယ်လ်ကာရက်ဇ်က တင်းနစ်အဖွဲ့အစည်းများ အပေါ် ပရော်ဖက်ရှင်နယ်တင်းနစ်သမားများအဖွဲ့ချုပ် (PTPA ) ၏ တရားစွဲဆိုမှုကို မထောက်ခံကြောင်း တုံ့ပြန်ပြောကြားသည်။
၀ါရင့်ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ် ပူးတွဲတည်ထောင်ထားသည့် PPTA က အမျိုးသားတင်းနစ်အဖွဲ့ချုပ်(ATP)၊ အမျိုးသမီးတင်းနစ်အဖွဲ့ချုပ် (WTA)၊ နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ် (ITF) နှင့် နိုင်ငံတကာတင်းနစ်သမာဓိ အေဂျင်စီ (ITIA) စသည့် တင်းနစ်အဖွဲ့အစည်းများအား မတ် (၁၈) ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့သည်။
PTPA သည် ကစား သမားများ၏ အကျိုးခံစားခွင့်ကို အလေးမထားမှု၊ ပွဲစဉ်ဇယား၊ အမှတ်ပေးစနစ်နှင့် ကစားသမားများ၏ ပုံရိပ်မူပိုင်ခွင့်များကို ထိန်းချုပ်မှုအတွက် စာမျက်နှာ ၁၆၃ မျက်နှာ ပါဝင်သည့် လျှောက်လွှာဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုပါ တရားစွဲဆိုမှုတွင် အယ်လ်ကာရက်ဇ်၏ ပြောစကားကိုပါ ထည့်သွင်းထားသောကြောင့် ကားလို့စ်အယ်လ်ကာရက်ဇ်က ယခုလိုတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
အယ်လ်ကာရက်ဇ်သည် ပွဲစဉ်ဇယားများနှင့် ပတ်သက်ပြီး "ကစားသမားတချို့က ပြိုင်ပွဲများလွန်းတယ်လို့ ဝေဖန်ကြပြီး၊ ကစားသမားတချို့ကတော့ ပွဲတွေအများကြီး ကစားချင်တယ်။ ဒါကြောင့် ပြိုင်ပွဲတွေများတာကို ကြိုဆိုကြပါလိမ့်မယ်။ ကျွန်တော်ကတော့ ပြိုင်ပွဲတွေအရမ်းများနေတာကို မကြိုဆိုတဲ့ဘက်ကပါ။ အနာဂတ်မှာ ပိုတောင်များလာနိုင်ပါသေးတယ်"ဟု ဆိုခဲ့ခြင်းဖြစ်ပြီး ယင်းစကားမှာ အလွတ်သဘောသာဖြစ်၍ ဥပဒေရေးရာအနေဖြင့် မသုံးစွဲသင့်ကြောင်း အယ်လ်ကာရက်ဇ်က ဆိုခဲ့သည်။
၎င်းက "အဲဒီထဲမှာ ကျွန်တော် သဘောတူတဲ့ အချက်တွေရှိသလို သဘောမတူတဲ့အချက်တွေလည်း ရှိပါတယ်။ အဓိကအချက်ကတော့ အဲဒီလိုလုပ်တာတွေကို ကျွန်တော် မထောက်ခံပါဘူး။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကျွန်တော် ပြောတာတွေကို အဲဒီမှာ ထည့်ရေးထားတာ တွေ့လိုက်ရတယ်။ ကျွန်တော့်ကို မမေးဘဲ ထည့်ထားတာဖြစ်ပြီး ကျွန်တော် မသိပါဘူး"ဟု အယ်လ်ကာရက်ဇ်က ဆိုသည်။