
ချယ်လ်ဆီးအသင်း တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာ၏ဒဏ်ရာကို ဒုတိယအကြိမ် Scan စစ်ဆေးမှု ပြုလုပ်ခဲ့ရသော်လည်း ပြင်းထန်ဖွယ်မရှိသဖြင့် နိုင်ငံတကာရက်သတ္တပတ်အပြီးတွင် စပါးအသင်းနှင့် ကစားရမည့်ပွဲ၌ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရသည်။
ပါလ်မာသည် လေ့ကျင့်ရေးကွင်း၌ တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မတ် (၁၆) ရက်က အာဆင်နယ်အသင်းနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့သည်။
ယင်းပွဲမှာ ပါလ်မာအတွက် ၂၀၂၄ ခု နှစ် ဧပြီနောက်ပိုင်း ပထမဆုံးလွဲချော်သည့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပြီး အင်္ဂလန်အသင်း၏ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲကိုလည်း လွဲချော်မည်ဖြစ်သည်။
၎င်း၏ဒဏ်ရာကို မတ် (၁၇) ရက်တွင် တစ်ကြိမ်စစ်ဆေးပြီးဖြစ်သော်လည်း ကြိုတင်ကာကွယ်မှုအဖြစ် ဒုတိယအကြိမ် ထပ်မံစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဒုတိယအကြိမ် စစ်ဆေးမှုအရ ဒဏ်ရာအခြေအနေမှာ ပြင်းထန်မှုမရှိကြောင်း ယူဆရပြီး နိုင်ငံတကာရက် သတ္တပတ်ပြီးနောက် ဧပြီ (၃) ရက်တွင် စပါးအသင်းနှင့် ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိကြောင်း မျှော်မှန်းထားသည်။
ပါလ်မာသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ (၁၄) ဂိုးသွင်းယူထားသော်လည်း ဇန်နဝါရီကတည်းက ပြိုင်ပွဲစုံ (၁၀) ပွဲဆက်ဂိုးပေါက်ပျောက်နေသည်။