Eleven Media Group

■ ပေါ်တူဂီလူငယ်နှစ်ဦးဖြစ်သည့် ကန်ဒါနှင့် အီဆူဂိုကို ယူရို (၇၄) သန်းဖြင့် ရောင်းချရန် ချယ်လ်ဆီးအသင်းနှင့် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း စပို့တင်းလစ္စဘွန်းထုတ်ပြန်

ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီ အပြောင်း အရွှေ့ကာလအတွက် ကြိုတင်လှုပ်ရှားနေပြီဖြစ်ပြီး စပို့တင်းလစ္စဘွန်းအသင်းက ပေါ်တူဂီလူငယ်ကစားသမား နှစ်ဦးဖြစ်သည့် ကန်ဒါနှင့် အီဆူဂိုကို ယူရို (၇၄) သန်းဖြင့် ရောင်းချရန် ချယ်လ်ဆီးအသင်းနှင့် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။
ချယ်လ်ဆီးအသင်းအနေဖြင့် ပေါ်တူဂီ ယူ-၂၁ လက် ရွေးစင်ကစားသမားများဖြစ်သည့် တောင်ပံကစားသမား ကန်ဒါ (၁၇ နှစ်)နှင့် ကွင်းလယ်ခံစစ်ကစားသမား အူဆီဂို (၂၀ နှစ်) တို့ကို ခေါ်ယူရန် သဘောတူညီမှုရထားပြီဖြစ်ကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက သတင်းများ ထွက်ပေါ်လျက်ရှိပြီး စပို့တင်းလစ္စဘွန်းအသင်းက ၎င်းတို့နှစ်ဦး၏ အပြောင်းအရွှေ့ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

စပို့တင်းလစ္စဘွန်းအသင်း၏ ထုတ်ပြန်မှုအရ ချယ်လ်ဆီးအသင်းအနေဖြင့် ၎င်းတို့နှစ်ဦးအတွက် ယူရို (၇၄.၄)သန်း (ပေါင် ၆၂.၄ သန်း) ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
ညာတောင်ပံနေရာအပြင် Wing-back အဖြစ်ပါ ကစားနိုင်သူ ကန်ဒါအတွက် ယူရို (၅၂ .၁၃)သန်း (ပေါင် ၄၄ သန်း) ပေးချေရမည်ဖြစ်ပြီး ယူရို (၅၀.၇၇) သန်းကို ကနဦးပေးချေ၍ ကျန်ရှိသည့် ယူရို (၁.၃၅) သန်းကို လာမည့် ၂၀၂၅-၂၀၂၆ ရာသီ စွမ်းဆောင်ရည်အပေါ်မူတည်၍ ထပ်မံပေးချေရမည်ဖြစ်သည်။

၎င်းသည် ၂၀၂၅-၂၀၂၆ ရာသီတွင် စပို့တင်းလစ္စဘွန်းအသင်း၌ ဆက်လက်ကစားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် နွေရာသီမှသာ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာမည်ဖြစ်သည်။
ထို့ပြင် ကွင်းလယ်ခံစစ်ကစားသမားဖြစ်သူ အီဆူဂိုအတွက် ယူရို (၂၂.၂၇) သန်း (ပေါင် ၁၈.၄ သန်း) ပေးချေရမည်ဖြစ်ပြီး ၎င်းင်း၏ပြောင်းရွှေ့ကြေးမှာမူ add-ons ပါဝင် ခြင်းမရှိကြောင်း သိရသည်။

အီဆူဂိုသည် ယခုရာသီတွင် လက်စ်ပါမားစ်အသင်း၌ အငှားသွားရောက်ကစားလျက်ရှိပြီး ၎င်းမှာမူ ယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာမည်ဖြစ်သည်။

၎င်းတို့နှင့် ချုပ်ဆိုမည့် စာချုပ်သက်တမ်းကို စပို့တင်းလစ္စဘွန်းအသင်းက ထုတ်ပြန်ခြင်း မရှိသေးသော်လည်း (၇) နှစ်သက်တမ်းရှိသည့် ကာလရှည်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြလျက်ရှိသည်။
၎င်းတို့နှစ်ဦးအနက် ကန်ဒါမှာ ဥရောပ၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး နည်းပြဟောင်းဖြစ်သူ အာမိုရင်မ် ကိုင်တွယ်နေသည့် မန်ယူအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ချယ်လ်ဆီးအသင်းက လက်ဦးမှုရယူကာ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group