
ရွှေ့ဆိုင်းထားရသည့် ဘာစီလိုနာ-အိုဆာဆူနာ လာလီဂါပွဲစဉ်ကို မတ် (၂၇) ရက်တွင် ပြန်လည်ကစားရန် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ပွဲစဉ် (၂၇) ဖြစ်သည့် ယင်းပွဲကို မူလက ဘာစီလိုနာအသင်း၏ အိုလံပစ်ကွင်း၌ မတ် (၈) ရက်တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော်လည်း ဘာစီလိုနာအသင်းဆရာဝန် ကားလက်စ်မင်နာရို သေဆုံးမှုကြောင့် ပွဲမတိုင်မီ မိနစ် (၂၀) ခန့်အလိုတွင် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
RFEF က ယင်းပွဲစဉ်ကို မတ် ၂၇ ရက် တွင် ပြန်လည်ကစားရန် ယခုတစ်ပတ်အစော ပိုင်းကတည်းက ထုတ်ပြန်ထားပြီး နှစ်သင်းစလုံးက အယူခံဝင်ခဲ့သော်လည်း လက်မခံဘဲပယ်ချကြောင်း မတ် (၂၀) ရက်တွင် ဆုံးဖြတ်ခဲ့သည်။
ဇယားထိပ်ဆုံးတွင် ရီးယဲလ်အသင်းနှင့် အတူ တစ်ပွဲလျော့၊ ရမှတ်တူဖြင့် ဦးဆောင်နေသည့် ဘာစီလိုနာအသင်းမှာ နိုင်ငံတကာပွဲစဉ်များကြောင့် ကစားသမားအချို့ ပြန်လည်ရောက်ရှိချိန် နောက်ကျနိုင်သဖြင့် မတ် (၂၇) ရက်အစား အခြားရက်သို့ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဥရုဂွေးနောက်ခံလူ အာရူဟိုနှင့် ဘရာဇီးတိုက်စစ်ကစားသမား ရာဖင်ညာမှာ မတ် (၂၅) ရက် ညပိုင်းတွင် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားရန်ရှိနေသလို စပိန် ယူ-၂၁ ကစားသမားသုံးဦးနှင့် ယူ-၁၉ ကစားသမားတစ်ဦးမှာလည်း ယင်းနေ့တွင် ပွဲကစားရန်ရှိနေရာ အိုဆာဆူနာနှင့်ပွဲကို လွဲချော်ဖွယ်ရှိနေသည်။
အိုဆာဆူနာအသင်းမှာမူ နိုင်ငံတကာပွဲစဉ်များအတွက် ကစားသမားများစွာ စေလွှတ်ရခြင်းမရှိသော်လည်း မတ် (၂၈) ရက်တွင် ဘီလ်ဘာအိုအသင်းနှင့် အဝေးကွင်းပွဲစဉ် ထပ်မံကစားရန်ရှိနေသဖြင့် အိုဆာဆူနာနှင့်ပွဲကို ပွဲရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
RFEF က နှစ်သင်းစလုံး၏ အယူခံကို ပယ်ချ၍ မတ် (၂၇) ရက်တွင်သာကစားရန် ဆုံးဖြတ်ခဲ့သော်လည်း ဘီလ်ဘာအို-အိုဆာဆူနာပွဲစဉ်ကို မတ် (၃၀) ရက်သို့ ရွှေ့ဆိုင်းပေးခဲ့သည်။ သို့ဖြစ်ရာ ဘာစီလိုနာအသင်းအနေဖြင့် နိုင်ငံတကာရက်သတ္တပတ်ပြီးဆုံးချိန်မှစ၍ ရာသီကုန်ချိန်အထိ ပွဲစဉ်များစွာ ဆက်တိုက်ကစားရတော့မည်ဖြစ်သည်။