Eleven Media Group

■ PTPA ၏ တရားစွဲဆိုမှုအချက်တချို့ကို မိမိကိုယ်တိုင် သဘောမတူဟု ဂျိုကိုဗစ် ဝန်ခံ

Photo: Getty Images

၀ါရင့်ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမားများအဖွဲ့ချုပ် (PTPA) ၏ တရားစွဲဆိုမှု အချက်တချို့ကို မိမိကိုယ်တိုင် သဘောမတူကြောင်း ဝန်ခံပြောကြားသည်။
PTPA ကို ဂျိုကိုဗစ်နှင့်အတူ ကနေဒါတင်းနစ်သမား ပေါ့စ်ပီဆီလ်တို့က ၂၀၂၀ ပြည့်နှစ်တွင် ပူးတွဲတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

PTPA သည် ပွဲစဉ် ရေးဆွဲမှု၊ အဆင့်သတ်မှတ်ပေးသည့်စနစ်၊ ပုံရိပ်အသုံးပြုခထိန်းချုပ်မှု၊ ဆုကြေးခွဲဝေပေး အပ်မှုစနစ်တို့ကို မကျေနပ်သဖြင့် အမျိုးသားတင်းနစ်အဖွဲ့ချုပ် (ATP)၊ အမျိုးသမီးတင်းနစ်အဖွဲ့ချုပ် (WTA)၊ နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ် (ITF) နှင့် နိုင်ငံတကာတင်းနစ်သမာဓိအေဂျင်စီ (ITIA) တို့ကို မတ် ၁၈ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ရှိ ခရိုင်တရားရုံး၌ တရားစွဲဆိုထားသည်။
ဂျိုကိုဗစ်က ၎င်းအနေဖြင့် PTPA ၏ ပူးတွဲတည်ထောင်သူဖြစ်သော်လည်း တရားစွဲဆိုထားသည့်အချက်တချို့ကို သဘောမတူကြောင်း၊ ဥပဒေအဖွဲ့အနေဖြင့် မှန်ကန်သည့်အကျိုး သက်ရောက်မှုရစေရန် စကားလုံးသုံးစွဲမှု သတိပြုရန်လိုကြောင်း ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group