
ဒိန်းမတ်အသင်းတိုက်စစ်မှူး ဟွိုင်လန်းက ပေါ်တူဂီအသင်းနှင့်ပွဲတွင် အနိုင်ဂိုးသွင်းယူပြီးနောက် "Siu" ပုံစံဖြင့် အောင်ပွဲခံခြင်းမှာ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုကို လှောင်ပြောင်ခြင်းမဟုတ်ကြောင်း ရှင်းလင်းပြောကြားသည်။
မတ် (၂၀) ရက်က ယှဉ်ပြိုင်ကစားသည့် UEFA Nations League ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ဒိန်းမတ်အသင်းက ပေါ်တူဂီအသင်းအား အိမ်ကွင်း၌ (၁-၀) ဂိုး ဖြင့် အနိုင်ရခဲ့သည်။
ဟွိုင်လန်းသည် ယင်းပွဲတွင် အရန်အဖြစ်သာ ပါဝင်ခွင့်ရခဲ့ပြီး (၆၉) မိနစ်တွင် လူစားဝင်လာပြီးနောက် တစ်လုံးတည်းသော အနိုင်ဂိုးကို (၇၈) မိနစ်တွင် အနီးကပ်ပိတ်သွင်းယူခဲ့သည်။
၎င်းသည် ဂိုးသွင်းယူပြီးနောက် ထောင့်ကန်ဘောအလံတိုင် ထောင့်သို့သွား၍ ရော်နယ်လ်ဒိုအောင်ပွဲခံလေ့ရှိသည့် "Siu" ပုံစံဖြင့် အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။
ရော်နယ်လ်ဒို၏ရှေ့တွင် ယင်းကဲ့သို့ အောင်ပွဲခံခြင်းအပေါ် ဟွိုင်လန်းက "ဒါက ကျွန်တော့် Idol အတွက်ပါ။ ဒါက သူ့ကို လှောင်ပြောင်တာမဟုတ်သလို ဘာမှမဟုတ်ပါဘူး။ သူက ကျွန်တော်နဲ့ ကျွန်တော့်ဘောလုံး သမားဘဝအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒါက စိတ်ခံစားမှုရောထွေးနေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ သူနဲ့ ပေါ်တူဂီအသင်းကို ဂိုးသွင်းရတာက တော်တော်လေး ကြီးမားပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက ကျွန်တော်သွားကြည့်ခဲ့တဲ့ပွဲမှာ ပြစ်ဒဏ်ဘောကနေ သူဂိုးသွင်းတာကို ကျွန်တော်မှတ်မိနေသေးတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်က ခရစ္စတီယာနိုရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ခဲ့တာပါ"ဟု ဒိန်းမတ်ရုပ်သံ TV2 သို့ ပြောကြားသည်။
ပထမပိုင်း ၂၄ မိနစ်တွင် ဒိန်းမတ်အသင်း ရရှိသည့် ပယ်နယ်တီကို အဲရစ်ဆင်ကန်သွင်းသော်လည်း ပေါ်တူဂီဂိုးသမား ကော်စတာ ကာကွယ်နိုင်သဖြင့် ယခုထက်ပို၍ ဂိုးမပြတ်ခဲ့ခြင်းဖြစ်သည်။
ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို မတ် ၂၃ ရက်တွင် ပေါ်တူဂီအသင်း၏ အိမ်ကွင်းဖြစ်သည့် လစ္စဘွန်းမြို့ရှိ Estadio Jose Alvalade ကွင်း၌ ပြန်လည် ကစားရမည်ဖြစ်သည်။