
နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ၏ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌအဖြစ် ဇင်ဘာ ဘွေရေကူးအားကစားမယ်ဟောင်း ကာစတီ ကိုဗင်ထရီ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
မတ် (၂၀) ရက်က ဂရိနိုင်ငံ၌ ကျင်းပသည့် (၁၄၄) ကြိမ်မြောက် IOC အစည်းအဝေးတွင် ဥက္ကဋ္ဌရွေးကောက်ပွဲအတွက် မဲပေးမှုပြုလုပ်ခဲ့ပြီး အသက် (၄၁) နှစ်ရှိပြီဖြစ်သူ ကိုဗင်ထရီက ပြိုင်ဘက်ဖြစ်သူ အမျိုးသားကိုယ်စားလှယ်လောင်း ခြောက်ဦးကိုကျော်ဖြတ်၍ မဲအများဆုံးရရှိခဲ့သည်။
ပထမအဆင့် မဲပေးမှုမှာပင် ကိုဗင်ထရီက (၄၉) မဲဖြင့် အများဆုံးရရှိပြီး ဥက္ကဋ္ဌဟောင်းဖြစ်သူ ဟွမ်အန်တိုနီယိုဆာမာရန့်ချ် (၁၉၈၀-၂၀၀၁) က ၂၈ မဲဖြင့် ဒုတိယ၊ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆီဘက်စတီယန်ကိုးက ရှစ်မဲဖြင့် တတိယ၊ ကျန်လေးဦး အနက် နှစ်ဦးက လေးမဲစီနှင့် နှစ်ဦးက နှစ်မဲစီသာ ရရှိခဲ့သည်။
ကိုဗင်ထရီသည် IOC ၏ (၁၀) ဦးမြောက် ဥက္ကဋ္ဌဖြစ်လာပြီး ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌအပြင် ပထမဆုံး အာဖရိကနိုင်ငံသားဥက္ကဋ္ဌအဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။
၎င်းသည် အိုလံပစ်ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် လေးခုနှင့် ကြေးတံဆိပ် တစ်ခုရရှိခဲ့ပြီး ကမ္ဘာ့စံချိန်တင်ဖူးသလို အာဖရိကအိုလံပစ် အားကစားသမားများအနက် ဆုတံဆိပ် အများဆုံးအဖြစ် စံချိန်တင်ထားသူဖြစ်သည်။
ထို့ပြင် ကိုဗင်ထရီသည် ဇင်ဘာဘွေနိုင်ငံ၏ လူငယ်၊ အားကစား၊ အနုပညာနှင့် ဖျော်ဖြေရေးဝန်ကြီးအဖြစ်လည်း ၂၀၁၈ ခုနှစ်ကတည်းက ဆောင်ရွက်လျက်ရှိသည်။ ကိုဗင်ထရီသည် IOC ဥက္ကဋ္ဌ တာဝန်များကို ယခုနှစ် ဇွန် (၂၃) ရက်မှစ၍ တာဝန်ယူထမ်းဆောင်မည် ဖြစ်သည်။
"ကိုယ့်ကိုယ်ကို ဇင်ဘာဘွေနိုင်ငံသားလို့ ပြောရတာ ကျွန်မအရမ်းဂုဏ်ယူပါတယ်။ ကျွန်မက ဒီနေရာမှာ ကြီးပြင်းလာတာဖြစ်ပြီး ကျွန်မအဘွားနဲ့ ကျွန်မအမေကလည်း ဒီမှာပဲ မွေးခဲ့တာပါ။ အာဖရိကကိုပြောချင်တာက ဒါက ကျွန်မတို့အချိန်ရောက်ပြီ ဆိုတာပါပဲ။ ဒါက ထူးခြားတဲ့အခိုက်အတန့်ပါ။ ကျွန်မ ကိုးနှစ်အရွယ်တုန်းက တစ်နေ့ ဒီနေရာမှာ မတ်တပ်ရပ်နေခွင့်ရမယ်လို့ တစ်ခါမှမတွေး ဖူးပါဘူး"ဟု ကိုဗင်ထရီက ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ပြောကြားသည်။