Eleven Media Group

■ ၂၀၂၈ လော့စ်အိန်ဂျလိစ်အိုလံပစ်ပြိုင်ပွဲ၌ လက်ဝှေ့အားကစားနည်း ဆက်လက်ပါဝင်မည်

မတ် (၂၀) ရက်က ဂရိနိုင်ငံ၌ ကျင်းပသည့် (၁၄၄) ကြိမ်မြောက် IOC အစည်းအဝေးတွင် လက်ဝှေ့အားကစားနည်း ကို ၂၀၂၈ လော့စ်အိန်ဂျလိစ်အိုလံပစ်ပြိုင်ပွဲ၌ ဆက်လက်ထည့်သွင်းကျင်းပရန် မဲပေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

လက်ဝှေ့အားကစားနည်းမှာ ၁၉၀၄ ပြိုင်ပွဲမှစ၍ ၂၀၂၄ ပြိုင်ပွဲအထိ (၁၉၁၂ ပြိုင်ပွဲမှအပ) အကြိမ်တိုင်း ထည့်သွင်းကျင်းပခဲ့သည်။

သို့သော် အုပ်ချုပ်မှု၊ ဘဏ္ဍာရေး၊ ဒိုင်လူကြီးများနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ရုရှားဦးဆောင်သည့် နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ် (IBA) ကို IOC က ၂၀၁၉ ခုနှစ်တွင် ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လတွင် ဖျက်သိမ်းခဲ့သည်။
IOC သည် ၎င်း၏နေရာ၌ ၂၀၂၃ ခုနှစ် ဧပြီတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ကမ္ဘာ့လက်ဝှေ့အဖွဲ့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ လအတွင်း အသိအမှတ်ပြုခဲ့ပြီး လက်ရှိအချိန်တွင် တိုက်ကြီးငါးခုမှ အဖွဲ့ဝင်နိုင်ငံ (၈၄) ခု အထိ ရှိနေပြီဖြစ်သည်။

မူရင်းသတင်း — Eleven Media Group