
ဘိုင်ယန်မြူးနစ်အသင်း လူငယ်ကစားသမားဟောင်းတစ်ဦးသည် လေ့ကျင့်ရေးပွဲ၌ ရရှိသည့် ဦးခေါင်းဒဏ်ရာကြောင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။
အသက် ၁၈ နှစ်သာရှိသေးသူ တရုတ်နိုင်ငံသား ခံစစ်အတွင်းလူ ကောကျားရှန်သည် ဖေဖော်ဝါရီ ၆ ရက်က စပိန်ကလပ် RC Alcobendas အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် လေ့ကျင့်ရေးပွဲစဉ်တွင် မျက်နှာကို ဒူးဖြင့်တိုက်မိရာမှ ဦးခေါင်းဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ၂၀၂၃ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းသို့ လာရောက်လေ့ကျင့်ရန် ဖိတ်ကြားခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းရှိ ထူးချွန် လူငယ်ကစားသမားများအား မြေတောင်မြှောက်ပေးသည့် World Squad တွင် ပါဝင်ခွင့်ရခဲ့သူဖြစ်သည်။
အဆိုပါ လေ့ကျင့်ရေးပွဲစဉ်ကို ပေကျင်းဘောလုံးအဖွဲ့ချုပ်၏ စီစဉ်မှုဖြင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ခရီးစဉ် အတွက် အာမခံဝယ်ယူထားခြင်းမရှိသလို ပေကျင်းဘောလုံးအဖွဲ့ချုပ်နှင့် ကောကျားရှန် ၏ကလပ် ပေကျင်းကောအန်းအသင်းသည် ဆေးကုသစရိတ်ကို တာဝန်ယူရန် ပျက်ကွက်ခဲ့ကြောင်း မိသားစုဝင်များက စွပ်စွဲပြောကြားထားသည်။
၎င်း၏အစ်ကိုဖြစ်သူက ကောအနေဖြင့် မတော်တဆထိခိုက်မိပြီးနောက် ဦးနှောက်အတွင်း သွေးထွက်ခြင်းကြောင့် လေဖြတ်ခြင်းခံစားခဲ့ရပြီး ဦးနှောက်သေသွားပြီဟု မက်ဒရစ်ရှိ ဆရာဝန်များက ပြောကြားခဲ့ကြောင်း လူမှုမီဒီယာတွင် ရေးသားထားသည်။
ပေကျင်းကောအန်းအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းက ၎င်းသေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့သည်။