Eleven Media Group

■ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းမှ အနားယူလိုခဲ့ကြောင်း တိုက်စစ်မှူး လူကာကူ ဝန်ခံ

Photo: Getty Images

ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူက မိမိအနေဖြင့် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူလိုခဲ့ကြောင်း ဝန်ခံပြောကြားသည်။
အသက် (၃၁) နှစ်အရွယ်ရှိ လူကာကူသည် ဘယ်လ်ဂျီယံအသင်း၏ ရွှေရောင်မျိုးဆက်တွင် ပါဝင်ခဲ့သူဖြစ်သည်။

သို့သော် ဘယ်လ်ဂျီယံရွှေရောင်မျိုးဆက်မှာ နည်းပြ ဝီမော့စ်၊ ရောဘတ်တိုမာတီနက်ဇ်နှင့် တီဒက်စ်ကိုတို့လက်ထက်တွင် ကြီးမားသည့်အောင်မြင်မှုမရဘဲ အဆုံးသတ်သွားခဲ့သည်။

လူကာကူသည် ဘယ်လ်ဂျီယံအသင်းအတွက် ၂၀၁၀ ပြည့်နှစ်တွင် စတင်ပွဲထွက်ခဲ့ပြီး အသင်းအတွက် (၁၆) နှစ်တာကာလအတွင်း (၁၂၁) ပွဲ ကစားကာ (၈၆) ဂိုးအထိ သွင်းယူထားသည်။ ၎င်းသည် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသလို ပွဲအများဆုံးကစားသူစာရင်းတွင်လည်း အဆင့် (၅) ၌ ရပ်တည်နေသည်။

သို့သော် ယူရို ၂၀၂၄ ပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့်တွင် ပြင်သစ်အသင်းကို ရှုံးနိမ့်ပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူလိုခဲ့ကြောင်း လူကာကူက ဝန်ခံခဲ့ခြင်းဖြစ်သည်။
လူကာကူက "ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ရှုံးနိမ့်ပြီးနောက် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့ ကျွန်တော် စဉ်းစားခဲ့တာပါ။ အဲဒီတုန်းက ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ကျွန်တော် အရမ်းဒေါသထွက်နေခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ဆက်မကစားချင်တော့ဘူးလို့တောင် ဗာတွန်ဂန်ကို ပြောခဲ့တာပါ။ အဲဒီနောက်မှာတော့ အဖြစ်အပျက်တွေ အလျင်အမြန် ဖြစ်ပေါ်ခဲ့ပြီး ကျွန်တော့်အနေနဲ့ ကိုယ့်နိုင်ငံကို မစွန့်နိုင်ခဲ့ပါဘူး"ဟု ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group