Eleven Media Group

■ UEFA Nations League ကွာတားဖိုင်နယ်(ဒုတိယအကျော့) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: X

စပိန် - နယ်သာလန် (မြန်မာစံတော်ချိန် မတ်လ ၂၄ ရက် နံနက် ၂:၁၅ နာရီ)
စပိန်အသင်းက လက်ရှိအချိန်မှာ ကမ္ဘာ့ဘောလုံးလောကရဲ့ အင်အားအတောင့်တင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်တယ်။ နယ်သာလန်အသင်းကလည်း ဒီဘက်နှစ်တွေမှာ သိသိသာသာပြန်တိုးတက်လာခဲ့ပြီး ထိပ်တန်းအဆင့်ခံစစ်နဲ့ ကွင်းလယ်ကစားသမားတွေ ထွက်ပေါ်လာခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ နယ်သာလန်ရဲ့အဓိကအားနည်းချက်က တိုက်စစ်ပိုင်းဖြစ်ပြီး စိတ်ချယုံကြည်ရတဲ့ တိုက်စစ်ကစားသမားတွေ မရှိတဲ့အချက်ကပဲ ပိုအားကောင်းတဲ့အသင်းတွေနဲ့ အဓိက ကွာခြားချက်ဖြစ်နေတာပါ။ နီကိုဝီလီယံစ်၊ မိုရာတာ၊ ယမားလ်တို့လို ကစားသမားတွေနဲ့ စပိန်ကိုပဲ ကြိုက်တယ်။


ပြင်သစ် - ခရိုအေးရှား (မြန်မာစံတော်ချိန် မတ်လ ၂၄ ရက် နံနက် ၂:၁၅ နာရီ)
ခရိုအေးရှားအသင်းကတော့ လွန်ခဲ့တဲ့(၁၀)နှစ်လောက်ကတည်းက ဦးဆောင်နေတဲ့ ကစားသမားဟောင်းကြီးတွေနဲ့ပဲ အခုလည်း ဆက်လက်ချီတက်နေဆဲဖြစ်နေတယ်။ ခရိုအေးရှားရဲ့ ကစားပုံက တည်ငြိမ်ပြီး သပ်သပ်ရပ်ရပ်ရှိပေမဲ့ တကယ်တမ်း လုပ်အားနှုန်း၊ ပေါက်ကွဲအား ကောင်းကောင်းအသင်းတွေကို ရေရှည်မှာ ယှဉ်ကစားဖို့ ခက်ခဲလိမ့်မယ်။ ပထမအကျော့ရှုံးကြွေးကို ဆပ်မယ့် ပြင်သစ်ကို ကြိုက်တယ်။


ပေါ်တူဂီ - ဒိန်းမတ် (မြန်မာစံတော်ချိန် မတ်လ ၂၄ ရက် နံနက် ၂:၁၅ နာရီ)
စကင်ဒီနေးဗီးယန်းအသင်းတွေရဲ့ ရွှေခေတ်လို့ ပြောရမယ့် အချိန်ဖြစ်ပြီး နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်စတဲ့အသင်းတွေ အားလုံး ထိပ်တန်းကစားသမားတွေ ဆက်တိုက်ထွက်ပေါ်နေတာ တွေ့ရတယ်။ ဒါပေမဲ့ ပေါ်တူဂီက အင်အားပိုကြီးတဲ့အသင်းဖြစ်ပြီး ထိပ်တန်းကစားသမားတွေကိုလည်း အစုံအလင်ရွေးချယ်ထားသလို အိမ်ကွင်းမှာကစားရမှာလည်း ဖြစ်နေတယ်။ ပေါ်တူဂီပဲ ကြိုက်တယ်။


ဂျာမနီ - အီတလီ (မြန်မာစံတော်ချိန် မတ်လ ၂၄ ရက် နံနက် ၂:၁၅ နာရီ)
ဂျာမနီအသင်းက ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ကစားခဲ့တဲ့ ခြေစွမ်းက တော်တော်လေးအားရစရာကောင်းခဲ့တယ်။ ဒါပေမဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကတော့ အခုအချိန်အထိ ပြဿနာရှိနေတုန်းပါပဲ။ အရင်ကလို အားထားရတဲ့ အထောင်တိုက်စစ်မှူး မထွက်ပေါ်လာတာက ပြဿနာဖြစ်နေတယ်။ တစ်ခုရှိတာက ဂျာမနီအသင်းရဲ့ တောင်ပံတိုက်စစ်နဲ့ ကွင်းလယ်ကစားပုံက တော်တော်လေးအားကောင်းပါတယ်။ အီတလီက ခံစစ်မာကျောတဲ့ ပုံစံကို ပြန်ရနေတယ်ဆိုရင်တောင် ဂျာမနီတိုက်စစ်ကို ဂျာမနီမြေမှာ တော်တော်လေး ခက်ခက်ခဲခဲ ထိန်းချုပ်ရလိမ့်မယ်။ ဂျာမနီကို ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group