
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ တူဟယ်လ်သည် ၎င်းလက်ထက် ပထမဆုံးပွဲတွင် နိုင်ပွဲရရှိခဲ့သော်လည်း ဒုတိယပိုင်းကစားပုံနှင့် တောင်ပံတွင်ကစားခဲ့သည့် ဖိုဒန်နှင့် ရပ်ရှ်ဖို့ဒ်တို့ အားနည်းချက်များရှိခဲ့ကြောင်း သုံးသပ်ပြောကြားသည်။
တူဟယ်လ်၏ အင်္ဂလန်နည်းပြဘဝ ပထမဆုံးပွဲအဖြစ် မတ် ၂၁ ရက်က အယ်လ်ဘေးနီးယားအသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပထမပွဲစဉ် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း၌ (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
အင်္ဂလန်အသင်းအတွက် ဂိုးများကို ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရသည့် ဘယ်နောက်ခံလူ လူးဝစ်ဆကယ်လီက မိနစ် ၂၀ နှင့် အသင်းခေါင်းဆောင် ဟာရီကိန်းက ၇၇ မိနစ်တွင် သွင်းယူပေးခဲ့သည်။
သို့သော် ဒုတိယပိုင်းကစားပုံနှင့်ပတ်သက်၍ တူဟယ်လ်က ''ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ရပါမယ်။ ကျွန်တော်တို့ ကောင်းကောင်းစတင်နိုင်ခဲ့တယ်။ ခုနစ်မိနစ်၊ ရှစ်မိနစ်လောက်အထိ ဘောလုံးပိုင်ဆိုင် မှု ၁၀၀ ရာခိုင်နှုန်းအပြည့်၊ မြင့်မားတဲ့စွမ်းအင်နဲ့ ပေးပို့မှုတွေ အများကြီးလုပ်နိုင်ခဲ့တယ်။ ပြိုင်ဘက်အသင်းက ခံစစ်ကစားပုံ အရမ်းကျစ်လျစ်လို့ ဖြိုလှဲနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရိုမှာလည်း သူတို့က အခွင့်အရေးတွေ မပေးရအောင် လုပ်နိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အရမ်းနှေးသွားတယ်လို့ ခံစာ ရတယ်။ ယေဘုယျအားဖြင့် လိုင်းအနောက်ဘက်မှာ ဘောလုံးရဖို့ ပြေးတာက လုံလောက်မှု မရှိပါဘူး''ဟု သုံးသပ်ပြောကြားသည်။
ထို့ပြင် တောင်ပံနှစ်ဖက်တွင်ကစားခဲ့သူ နှစ်ဦးအနက် ဖိုဒန်မှာ Rating သတ်မှတ်ချက် ၄ ဒသမ ၅၈ သာရရှိပြီး တစ်သင်းလုံးတွင် စွမ်းဆောင်ရည်အညံ့ဆုံးဖြစ်ခဲ့သလို ရပ်ရှ်ဖို့ဒ်မှာလည်း ၅ ဒသမ ၅၇ သာရရှိကာ ၇၄ မိနစ်တွင် နှစ်ဦးစလုံး လူစားလဲခံခဲ့ရသည်။
''ကျွန်တော်တို့ တောင်ပံကစားသမား နှစ်ယောက်စလုံးက သူတို့တတ်နိုင်သလောက် ဒါမှမဟုတ် ကလပ်အသင်းမှာကစားတဲ့ သက်ရောက်မှုပုံစံမျိုးမဟုတ်ဘဲ စတင်ခဲ့တာပါ။ အခုလောလောဆယ်မှာ သူတို့ဆီကို ဘောလုံးမြန်မြန်ရောက်ဖို့ ဘာလို့ ရုန်းကန်နေရလဲဆိုတာ ကျွန်တော် သေချာမသိပါဘူး။ Open အခြေအနေမှာ သူတို့ဆီကို ဘောလုံးပိုရောက်အောင် လုပ်ရပါမယ်။ ကျွန်တော် ပွဲကိုပြန်သုံးသပ်ဖို့ လိုပါတယ်။ ဘောလုံးမပါဘဲ ပြေးတဲ့အပိုင်းမှာ ကျွန်တော်တို့ နည်းနည်းအားနည်းခဲ့တယ်။ အဲဒါကြောင့် ပေးပို့မှုတွေက အရမ်းများပြီး ဖြတ်ကျော်မှုတွေကလည်း လုံလောက်မှု မရှိခဲ့တာပါ။ ဂိုးပေါက်ဆီသွားတဲ့နေရာမှာ လုံလောက်တဲ့ပြင်းထန်မှု မရှိခဲ့ပါဘူး။ သူတို့တွေ (ဖိုဒန်နှင့် ရပ်ရှ်ဖို့ဒ်) က ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက သူတို့ရဲ့ကလပ်တွေမှာ အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ သူတို့ကို ဆက်အားပေးပြီးတော့ သူတို့ရဲ့အလားအလာကို ပြသနိုင်အောင် ဖွဲ့စည်းပုံတစ်ခုပေးနိုင်ဖို့ လုပ်ရပါမယ်''ဟု တူဟယ်လ်က ဆက်လက်ပြောကြားသည်။