
အင်္ဂလန်လက်ရွေးစင်နည်းပြ တူဟယ်လ်က အသင်းကွင်းလယ်ကစားသမား ဘယ်လင်ဂမ်အား ကွင်းအတွင်း စိတ်ခံစားချက်ကို ပြောင်းလဲရန် လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သည်။
အသက် (၂၁) နှစ်အရွယ်ရှိ ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်သည် ကွင်းအတွင်း ဒိုင်လူကြီးများကို စောဒကတက်လေ့ရှိပြီး ယင်းအတွက် အဝါကတ်နှင့် အနီကတ်များ ပြသခံရဖူးသူဖြစ်သည်။
ထို့ကြောင့် ဘောလုံးကျွမ်းကျင်သူများနှင့် ပရိသတ်များက ဘယ်လင်ဂမ်အား ကွင်းအတွင်း ညည်းတွားတတ်သူ၊ ကွင်းလယ်ဒိုင်များကို အမြဲစောဒကတက်သူအဖြစ် ဝေဖန်နေကြသည်။
ယခုအခါ အင်္ဂလန်နည်းပြ တူဟယ်လ်က ဘယ်လင်ဂမ်အား ကွင်းအတွင်း စိတ်ခံစားချက်ကို ပြောင်းလဲရန်လိုကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။
တူဟယ်လ်က "သူ(ဘယ်လင်ဂမ်)က ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင်တွေနဲ့ စကားပြောရတာကို နှစ်သက်သူပါ။ သူက ကွင်းအတွင်းမှာ စိတ်ခံစားမှု အရမ်းများသူလည်း ဖြစ်ပါတယ်။ ဘယ်လင်ဂမ်အနေနဲ့ အရှုံးကို ဘယ်လောက် မုန်းတယ်။ သူ ဘယ်လောက် ထိ အနိုင်ရချင်တယ်ဆိုတာကို အားလုံး မြင်ကြမှာပါ။ သူကကွင်းအတွင်း သူ့ရဲ့ခံစားချက်ကို ဖော်ပြတတ်သူလည်း ဖြစ်ပါတယ်။ ဘယ်လင်ဂမ်ရဲ့ ဆာလောင်မှုနဲ့ အနိုင်ရလိုစိတ်ကို သဘောကျပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ကွင်းအတွင်းမှာ စိတ်ခံစားချက်ကို ပြောင်းလဲဖို့ သင်ယူရပါလိမ့်မယ်။ ဒါက ပြဿနာ မဟုတ်ပါဘူး။ ဘယ်လင်ဂမ်အနေနဲ့ သူ့ပုံစံအတိုင်း ရှိနေတာကို ကျွန်တော် သဘောကျပါတယ်။ သူက အသင်းရဲ့အဓိကကစားသမား ဖြစ်လို့ သူ့ဆီက အကောင်းဆုံးတွေကို မျှော်လင့်ပါတယ်"ဟု ဆိုခဲ့သည်။