
ရီးယဲလ်မက်ဒရစ်အသင်း၏ ကြယ်ပွင့်ကစားသမားများဖြစ်သည့် ဘာပေနှင့် ဗင်နီစီယပ်စ်တို့၏ဆက်ဆံရေးမှာ ဟန်ပြဆက်ဆံရေးသာဖြစ်ပြီး ၎င်းတို့အကြား အားပြိုင်မှုများရှိနေကြောင်း စပိန်ဘောလုံးဝေဖန်သူ မီဒီနာက သုံးသပ်ပြောကြားခဲ့သည်။
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေသည် ပြီးခဲ့သည့်နွေရာသီကမှ PSG အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။
ဘာပေ ရောက်လာပါက ရီးယဲလ်အသင်းတွင် ကြယ်ပွင့်ကစားသမားများအကြား ပြိုင်ဆိုင်မှုများ ရှိလာနိုင်ပြီး အသင်းတွင် ပြိုကွဲမှုများ ရှိလာနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။
သို့သော် ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီတွင် အကောင်းဆုံးရှေ့ဆက်နေပြီး လာလီဂါ၊ ချန်ပီယံလိဂ်နှင့် စပိန်ဘုရင့်ဖလားပြိုင်ပွဲ (၃) ခုစလုံးတွင် ချန်ပီယံဆုကို မျှော်မှန်းနိုင်သည့် အနေအထားတွင် ရှိနေသည်။ ထို့ပြင် ဘာပေနှင့် ဗင်နီစီယပ်စ်တို့မှာလည်း ဆက်ဆံရေးအဆင်ပြေနေပြီး ရီးယဲလ်အသင်းမှာ ရလဒ်ကောင်းများ ရရှိနေသည်။
သို့သော် စပိန်ဘောလုံးဝေဖန်သူ မီဒီနာက ဘာပေနှင့် ဗင်နီစီယပ်စ်တို့အကြား ဟန်ပြဆက်ဆံရေးသာရှိပြီး ၎င်းတို့အကြား အားပြိုင်မှုများ ရှိနေကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။
မီဒီနာက "ဘာပေနဲ့ ဗင်နီစီယပ်စ်တို့ကတော့ သူတို့အကြား ညီအစ်ကိုဆက်ဆံရေး ရှိတယ်လို့ ပြောကြနေတာပါပဲ။ ဒါပေမဲ့ ဒါက ကင်မရာရှေ့မှာသာ လူတွေယုံအောင် အယုံသွင်းနေတာပဲ ရှိပါတယ်။ ရီးယဲလ်မက်ဒရစ်ပွဲတွေကို ကြည့်မယ်ဆိုရင် ဘာပေနဲ့ ဗင်နီစီယပ်စ်တို့ရဲ့ ဆက်ဆံရေးကို သိနိုင်ပါတယ်။ သူတို့ကြောင့် ရီးယဲလ်အသင်း နစ်နာခဲ့တာတွေ အများကြီးပါ။ ကွင်းအတွင်းမှာ သူတို့ဟာ တစ်ဦးကိုတစ်ဦး မကြည့်ကြသလို၊ ဘောလုံးပေးကစားတာမျိုးလည်း သိပ်ပြီး မတွေ့ရပါဘူး"ဟု ပြောကြားခဲ့သည်။
ဘာပေနှင့် ဗင်နီစီယပ်စ်တို့သည် ယခုရာသီတွင် ရီးယဲလ်အတွက် အဓိကကစားသမားအဖြစ် ပွဲထွက်ကစားနေကြပြီး ဘာပေသည် ပြိုင်ပွဲစုံ (၄၄) ပွဲတွင် (၃၁) ဂိုးသွင်းယူထားသော်လည်း ဗင်နီစီယပ်စ်မှာမူ ပြိုင်ပွဲစုံ ပွဲ (၄၀)တွင် (၁၉) ဂိုးသာ သွင်းယူထားနိုင်သေးသည်။