
လစ်သူယေးနီးယား နှင့် ဖင်လန် (မြန်မာစံတော်ချိန် တနင်္လာည ၁၁း၃၀ နာရီ)
လစ်သူယေးနီးယားက တော်တော်လေးအားနည်းတဲ့ အသင်းပါ။ အားနည်းတာချင်းအတူတူ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကထက် အခုပိုဆိုးပါတယ်။ ဖင်လန်က ခြေတက်နေတဲ့အသင်းပါ။ ဖင်လန်နိုင်ပွဲဆက်မယ်။
အင်္ဂလန် နှင့် လတ်ဗီးယား (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
ဒီပွဲကလည်း အင်္ဂလန်အတွက် လွယ်ကူလွန်းတယ်ဆိုတာထက်တောင် ပိုပါတယ်။ အင်္ဂလန်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်နှစ်ပွဲကို အိမ်ကွင်းမှာ စတင်ကစားရတာကိုက အသင်းနည်းပြ သောမတ်စ်တူဟယ်လ်အတွက် အဖွင့်ကောင်းစေဖို့ ဖြစ်လာတာလို့ ပြောလို့ရတယ်။ အယ်လ်ဘေးနီးယားလိုအသင်းမျိုးတောင် အင်္ဂလန်မြေပေါ်မှာ သရေတစ်မှတ်ယူဖို့ လုံလောက်မှုမရှိတဲ့ အနေအထားမှာ လတ်ဗီးယားအတွက်ကတော့ အခြေအနေက ပိုဆိုးသွားပါတယ်။ အင်္ဂလန်အသင်း ဘယ်လိုလူစာရင်းမျိုးနဲ့ပဲ ပွဲထွက်ထွက် သေချာပေါက်ကို ဂိုးပြတ်သွင်းမယ့်ပွဲမျိုးပါ။ အနည်းဆုံး ၄၊ ၅ ဂိုးလောက်ပြတ်သွားမယ်။
ပိုလန် နှင့် မော်လ်တာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
ပိုလန်အတွက် နောက်ထပ် လွယ်ကူတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ မော်လ်တာက ဥရောပရဲ့ အောက်ဆုံးတန်းအသင်းတွေထဲက တစ်သင်းပါ။ ပိုလန်အသင်းရဲ့အိမ်ကွင်းမှာ သွင်းဂိုးဘယ်လောက်များမလဲဆိုတာကိုပဲ စောင့်ကြည့်ရမယ်။
ဆန်မာရီနို နှင့် ရိုမေးနီးယား (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
ဥရောပတစ်တိုက်လုံးမှာ အောက်ဆုံးအသင်း၊ အညံ့ဆုံးအသင်းဆိုရင် ဆန်မာရီနိုအသင်းကိုပဲ ပြောရမှာဖြစ်တယ်။ ရိုမေးနီးယားက ဆန်မာရီနိုနဲ့ ယှဉ်ရင် အားကောင်းလွန်းပါတယ်။ ဂိုးပြတ်ဦးမှာပါပဲ။