Eleven Media Group

လာမည့်နွေရာသီ၌ ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ကစားရန် ဟာရီကိန်း စဉ်းစားနေပြီး လီဗာပူးလ်အသင်းသို့ ရောက်ရှိနိုင်ကြောင်း သတင်းထွက်နေ

Photo: X

ဘိုင်ယန်မြူးနစ်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် လာမည့်ရာသီ၌ ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ကစားရန် စဉ်းစားနေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
ဟာရီကိန်းသည် ပရီးမီးယားလိဂ်ထိပ်သီး စပါးအသင်း၏ တိုက်စစ်မှူးဟောင်းဖြစ်ပြီး ၂၀၂၃ နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀) + Add-ons ကြေး ယူရို(၁၀)သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ဘွန်ဒစ်လီဂါပြိုင်ပွဲ၏ တန်ဖိုးအကြီးဆုံးအပြောင်းအရွှေ့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းက ၎င်းကို ၂၀၂၇ ခုနှစ်အထိ (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။
လက်ရှိအချိန်၌ အသက် (၃၁)နှစ်ရှိပြီဖြစ်သည့် ဟာရီကိန်းသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး ပထမဆုံးရာသီ၌ ဘွန်ဒစ်လီဂါဂိုးသွင်းဘုရင်ဆုသာမက ဥရောပရွှေဖိနပ်ဆုကိုပါ ရယူနိုင်ခဲ့သည်။
သို့သော် ၎င်းအနေဖြင့် ဆုဖလားအောင်ပွဲနှင့် လွဲချော်ခဲ့ရပြီး ယခုရာသီတွင်လည်း အခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
ဟာရီကိန်းသည် ငယ်ဘဝကတည်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပါးအသင်းကို စွန့်ခွာခဲ့ခြင်းမှာ ဆုဖလားအောင်ပွဲရရှိရန်အတွက်ဖြစ်သော်လည်း ဘိုင်ယန်မြူးနစ်အသင်းတွင် လက်ရှိအချိန်အထိ မျှော်လင့်ချက်မပြည့်ဝသေးပေ။
ထို့ပြင် ၎င်းအနေဖြင့် ပရီးမီးယားလိဂ်၌ အလန်ရှီးယား၏ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ရန်လည်း ဆန္ဒရှိနေသည့်အတွက် ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ကစားရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ်တွင် သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် အလန်ရှီးယားက (၂၆၀)ဂိုးဖြင့် စံချိန်တင်ထားပြီး ဟာရီကိန်းက (၂၁၃)ဂိုးဖြင့် ဒုတိယနေရာတွင် ရှိနေသည်။
ဟာရီကိန်းသည် လက်ရှိဂိုးသွင်းနှုန်းကို ဆက်ထိန်းနိုင်ခဲ့ပါက အလန်ရှီးယား၏စံချိန်ကို (၂)ရာသီအတွင်း ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
ယင်းအတွက် ၎င်းက ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ကစားလိုခြင်းဖြစ်သလို၊ တိုက်စစ်အပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်နေသည့် လီဗာပူးလ်အသင်းနှင့် ပူးပေါင်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
လီဗာပူးလ်အသင်းသည် စာချုပ်သက်တမ်းတိုးရန် အဆင်မပြေဖြစ်နေသည့် အီဂျစ်တိုက်စစ်ကစားသမား ဆာလာကို ဆုံးရှုံးရဖွယ်ရှိနေသလို၊ ဒါဝင်နူးနက်ဇ်၊ ဂျိုတာနှင့် လူးဝစ်ဒီယက်ဇ်တို့မှာလည်း အသင်းမှထွက်ခွာဖွယ်ရှိကြောင်း သတင်း ထွက်နေသည်။
ထို့ကြောင့် တိုက်စစ်ပိုင်းကို အကြီးစားပြင်ဆင်မှုပြုလုပ်ရဖွယ်ရှိနေရာ ပရီးမီးယားလိဂ်အတွေ့အကြုံကြွယ်ဝပြီးသားဖြစ်သည့် ဟာရီကိန်းမှာ အကြိုက်တွေ့စရာ ဖြစ်နေကြောင်း သိရသည်။
ဟာရီကိန်းသည် စပါးအသင်းနှင့်အတူ ပရီးမီးယားလိဂ်တွင် ယှဉ်ပြိုင်ကစားခဲ့စဉ်က ပြိုင်ဘက်ထိပ်သီးအသင်းများစွာ၏ ခေါ်ယူရန် ကြိုးပမ်းခြင်းခံခဲ့ရသူဖြစ်သည်။
လက်ရှိအချိန်တွင်လည်း ၎င်းကို အသင်းဟောင်းစပါးအပါအဝင် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း သိရသည်။
ဟာရီကိန်းသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း လာမည့်နွေရာသီတွင် ပေါင်(၆၅)သန်းဝန်းကျင်ဖြင့် ခွင့်ပြုရမည်ဖြစ်ပြီး ၂၀၂၆ ဇန်နဝါရီတွင် ပြောင်းရွှေ့မည်ဆိုပါက ပေါင်(၅၅)သန်းဝန်းကျင်ဖြင့် ခွင့်ပြုရမည့် သဘောတူညီချက် ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်ဝါရီအပြောင်းအရွှေ့ကာလတွင်မူ ဟာရီကိန်းက အဆိုပါသဘောတူညီမှုနှင့်ပတ်သက်၍ မှတ်ချက်မပေးလိုဟု ပြောကြားခဲ့ဖူးသည်။

မူရင်းသတင်း — Eleven Media Group